Saturday, 21 July 2012

ကြက်ဥ ချဉ်ရည်ဟင်း

ကြက်ဥချဉ်ရည်ဟင်း
ကြက်ဥချဉ်ရည်ဟင်းလေးချက်ထားပါတယ် မာမာရဲ့ကလေးတွေအကြိုက်ပါ ကြက်ဥချဉ်ရည်ဟင်းလေးချက်ပြီး ငပိရည်လေးကျို ငရုတ်သီးမှုန့်မွှေးမွှေးလေးနဲ့ နယ်ဖတ်ပေးရင် ကလေးတွေ အရမ်းကြိုက်ကြပါတယ် ထမင်းမိန်စေတဲ့ မြန်မာ့ရိုးရာဟင်းတစ်မယ်ဆိုလဲ မမှားဘူးပေါ့နော် ပြောတော့သာကြက်ဥချဉ်ရည်ဟင်းဆိုပေမဲ့ အလုပ်နဲနဲရှုပ်သလိုပါဘဲ ဘာလို့လဲဆိုတော့ မာမာ့ကလေးတွေက ကြက်ဥကတုံးပြောင်ချက်ရင် သိပ်မကြိုက်ကြလို့ပါ  ကြက်ဥပြုပ်ပြီးရင် အခွံခွာ အခွံခွာပြီးရင် ပြန်ကြော်ပေးရပါတယ် အာလူးကိုလဲအပေါ်ရံတင်းအောင် နဲနဲလောက်တော့ကြော်ပေးရပါတယ် နောက်ပြီး ကြက်ဥကိုဖောက်ပြီးကြော်တာကို ချဉ်ရည်ဟင်းပြန်ချက်ရင်လဲ သူတို့ကြိုက်ကြပါတယ် အဲဒါကြောင့် ကဒိကထနဲနဲများပေမဲ့ သူတို့အကြိုက်လေးလုပ်ပြီး ဒီနေ့ချက်ပေးထားပါတယ် တစ်ခုတော့ပြောချင်တယ်နော် ကြက်ဥဘဲဥကို ချဉ်ရည်ဟင်းချက်တဲ့အခါ ငံပြာရည်ကို တစ်ခြားဟင်းတွေလို ထဲ့ချင်တဲ့အချိန်ထဲ့လို့မရပါဘူး ကြက်ဥဘဲဥချဉ်ရည်ဟင်းရဲ့ အဓိကအရသာက ငံပြာရည်အနံ့ကိုလို့ပါ ဒါကြောင့်မို့ ကြက်ဥဘဲဥကို ဆီသတ်တဲ့အချိန်မှာ ငံပြာရည်ကို သတိထားပြီးထဲ့မှ  ချဉ်ရည်ဟင်းရဲ့အရသာက ပီပီပြင်ပြင်ရမှာပါ။ ဒါကမာမာ့အမေချက်တဲ့နည်းလေးပါ
ချက်ကြည့်ရအောင်နော်
  •  ကြက်ဥ - ဆယ့်တစ်လုံး
  • အာလူး - သုံးလုံး
  • ငရုတ်သီးအရောင်တင်မှုန့် - 1 teaspoon
  • မကျီးနှစ် - 1 tablespoon
  • ဟင်းချိုမှုန့် - 1 teaspoon
  • ဆီ - 5 tablespoons
  • ငံပြာရည် - 2 tablespoons
  • ဆား - 1 teaspoon
  • ကြက်သွန်ဖြူ - နှစ်မွှာ (ငရုတ်သီးနှင့်ထောင်းရန်)
  • ကြက်သွန်နီ - တစ်ခြမ်း (           ။                )
  • ချင်း - လက်တစ်ဆစ်ရဲ့တစ်ဝက် (     ။           )
  • မဆလာ - ကြိုက်နှစ်သက်ပါကထဲ့နိုင်ပါတယ်။

ဟင်းချက်ဖို့ပြင်ပါတယ်

မီးအနေတော်နှင့်အပူပေးထားသောဆီပူမှာငရုတ်သီးအရောင်တင်မှုန့်ထောင်း
ကိုမွှေးလာတဲ့ထိဆီသတ်ပေးပြီး ကြက်ဥကိုထဲ့ဆီသတ်ပါ
 ကြက်ဥထဲ့မွှေပြီးတာနဲ့ငံပြာရည်ကိုထဲ့မွှေပြီးဆီသတ်ပေးပါ

ငံပြာရည် ငရုတ်သီးဆီသတ်တို့ကိုမွှေးပြီးသင်းလာတဲ့ထိအထက်အောက်မွှေပါ

အာလူးကိုထဲ့ပြီးမွှေကာရေထဲ့ပြီးအာလူးအနေတော်နူးလောက်တဲ့ထိတည်ပါ

အာလူးအနေတော်နူးလောက်မှမကျီးမှည့်အနှစ်ဆားနှင့်ဟင်းချိုမှုန့်တို့ကိုထဲ့မွှေပါ
ဆီကျန်ရေကျန်အချိန်မှာအပေါ့အငံမြည်းပြီးမီးပိတ်နိုင်ပါပြီ
အလုံးလိုက်လေးပြန်ကြော်ပြီးချက်ထားတာပါ
ကြက်ဥကိုဖောက်ပြီးကြော်ပြီးမှပြန်ချက်ထားတာပါ

10 comments:

  1. ကြက်ဥ ဘဲဥကို ဘယ်လိုချက်ချက် ကြိုက်တယ် မာမာရေ။ အောက်ဆုံးက ကြက်ဥကိုဖောက်ကြော်ပြီးမှ ပြန်ချက်တာမျိုး ချက်အုံးမယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. တီတင့်ရေ ကြက်ဥကိုဖောက်ကြော်ပြီးပြန်ချက်တာကမာမာ့သားကြီးအကြိုက်လေ ကလေးတွေစားချင်အောင်ရှာကြံချက်ပေးနေရတဲ့မာမာ့ဘဝလေးပါတီတင့်ရယ်
      အခုနရုပ်ရှင်သရုပ်ဆောင်ရဲတိုက် အေးမြသူ ပြေဇင်တို့ရိုက်ထားတဲ့လွမ်းစိမ့်ကားလေးကိုကြည့်ရင်း မဆီမဆိုင်RITကျောင်းသူ
      တီတင့်ကိုပြေးသတိရမိနေပါသေးတယ်


      လေးစားခင်မင်လျှက်
      မာမာ

      Delete
    2. တီတင့်ကို လျှပ်တစ်ပြက် သတိရလိုက်တယ်ဆိုလို့ ဝမ်းသာမိတယ် မာမာရေ တစ်ချိန်တော့ ဆုံကြတာပေါ့နော်း)

      Delete
    3. ဆုံနိုင်အောင်ကြိုးစားပါ့မယ်နော်တီတင့်ရေ



      လေးစားခင်မင်လျှက်
      မာမာ

      Delete
  2. Replies
    1. ကျေးဇူးပါနော်

      Delete
  3. ကြက်ဥကိုဖောက်ပြီးမှပြန်ချက်တာကြိုက်တယ် မမမာ

    ReplyDelete
    Replies
    1. မမမာသားလေးလဲအရမ်းကြိုက်တယ်စု

      Delete
  4. ကြက်ဥဟင်းတော့အစ်မလည်းကြိုက်တယ်..


    သင်းလွင်

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် မ
      ကြက်ဥဟင်းကငပိရည်လေးနဲ့ဆိုထမင်းမိန်တယ်နော်

      Delete