Saturday 19 July 2014

ကြာဇံကြော်



ဒီနေ့ကြော်ဖြစ်တဲ့ကြာဇံကြော်လေးပါ  ကြက်အူချောင်းလေးနဲ့မို့ အရသာတမူထူးပါတယ် ထမင်းမစား ချင်တဲ့နေ့တွေမှာ ကြာဇံလေးကြော်စားရတာလဲ တစ်မျိုးကောင်းပါတယ်။

မာမာတော့ ကြော်ပြီးတာနဲ့ ဆွမ်းတော်ကပ်ဖို့အရင်ဖယ်လိုက်ပါတယ် ဆွမ်းတော်ကပ်ပြီးတာနဲ့ အိုးထဲမှာအပူရှိန်ကျန်နေသေးတဲ့ ကြာဇံကြော်ကို ထမင်းလွတ်စားလိုက်ပါတယ်။

စားလို့ကောင်းလွန်းလို့ မိတ်ဆွေတို့လဲကြော်စားကြည့်စေချင်ပါတယ်နော် ကြော်ရတာ လွယ်လဲလွယ် မြန်လဲမြန်ပြီးစားလို့လဲကောင်းပါတယ်။

ကြော်ရန်အတွက်

  1. ညထဲက ရေမြုပ်အောင် စိမ်ထားသော ဆန်ကြာဇံ - 150 g
  2. ထက်ပိုင်းလှီးထားသော ရွှေပဲသီး - ၅တောင့်
  3. ခပ်ထူထူ လှီးထားသော ဂေါ်ဖီ - နှစ်သက်သလောက်
  4. လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
  5. တရုတ်နံနံ - အနည်းငယ်
  6. ခပ်စောင်းစောင်း လှီးထားသော ကြက်အူချောင်း -၃ချောင်း
  7. ငံပြာရည်အကြည် ထမင်းစားဇွန်း - ၂ဇွန်း
  8. ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
  9. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  10. အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. သကြား -  ထမင်းစားဇွန်း တစ်ဇွန်းမရှိတစ်ရှိ
  12. ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်

ပြင်ဆင်ရန်
  • ရေစိမ်ထားသောကြာဇံကိုရေစစ်ပြီး ငံပြာရည် ပဲငံပြာရည် သကြားတို့နဲ့ရောပြီး နယ်ထားပေးပါ
  • ဆီကိုအပူပေးပြီး ကြက်အူချောင်းကို အရင်ဆုံး တမိနစ်လောက် ကြော်ပေးပါ 
  • ကြက်အူချောင်းကို ဘေးကိုတွန်းထားပြီး ကြက်သွန်ဖြူ ထဲ့ကြော်ပါ
  • မွှေးလာပါက မုံလာဥနီ ဂေါ်ဖီတို့ကို အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ နဲနဲနွမ်းအောင် မွှေပေးပါ
  • ကြာဇံထဲ့ပြီး ရောကြော်၍ ကြာဇံပျော့လာပြီ ဆိုတာနဲ့ တရုတ်နံနံနှင့်ရွှေပဲသီးတို့ရောမွှေကာ အရသာမြည်းပေးပါ အရသာ အနေတော ရပြီဆိုရင် ကြာဇံကြော်လေး ရပါပြီ။

1 comment:

  1. အစ်မရေ .... ဟင်းတွေကလဲ အများကြီး ငါးခူဟင်း၊ ငါးအသားလွှာချိုချဉ်၊ ဝက်နံရိုး၊ သီးစုံချဉ်ဟင်း၊ ကြာဇံကြော် အားလုံး အားလုံးကို အားပေးသွားပါတယ်။ တဝကြီးကို စားသွားပါတယ်နော် .... ^__^

    ReplyDelete