Friday 15 August 2014

ဂဏန်းအသားဟင်း



ဂဏန်းသားလေးတွေကို မဆလာနိုင်နိုင်နဲ့ချက်ဖြစ်ပါတယ် အမြဲတမ်းမဟုတ်ပေမဲ့ တခါတရံတော့ အရမ်းစားလို့ကောင်းပါတယ် မာမာကတော့ ဂဏန်းဆိုရင် ဘယ်လိုချက်ချက် ကြိုက်ပါတယ် အချိုပေါင်းလဲကြိုက်သလို အစပ်ချက်လဲကြိုက်ပါတယ် ဒီနေ့တော့ စပ်စပ်လေးချက်ထားတဲ့ ဂဏန်းဟင်းလေးအကြောင်းကို မျှဝေပေးပါမယ်။

ဟင်းခပ်အမွှေးအကြိုင်အနေနဲ့ ချင်းနဲ့မဆလာကိုဘဲ အဓိကထားပြီး သုံးထားပါတယ် သိပ်အနံ့ပြင်းတဲ့ဟင်းခတ်အမွှေးအကြိုင်တွေကို မကြိုက်တဲ့အတွက် မာမာသုံးလေ့သုံးထ မရှိပါဘူး ဟင်းခတ်အမွှေးအကြိုင်တွေကြောင့် စစ်ပွဲတွေဖြစ်ကြမယ်ဆိုရင် မာမာတို့မိသားစု မပါလောက်ဘူးနော် :-D

ပြင်ဆင်ရအောင်

  • ဂဏန်းအသား - 250g
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ညက်နေအောင်ထောင်းထားသော ချင်း - လက်တဆစ်သာသာ
  • ငရုတ်သီးမှုန့်. - ထမင်းစားဇွန်း တဇွန်း
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • မကျီးအနှစ် - လက်ဖက်ရည်ဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တ၀က်သာသာ
  • နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တ၀က်မရှိတစ်ရှိ
ချက်ကြည့်ရအောင်နော်
  • ဆီကိုအပူပေးပါ ဆီပူလာတာနဲ့နနွင်းမှုန့်ကိုထဲ့ပါ
  • ထောင်းထားသော အမွှေးနံ့သာများနှင့်ငရုတ်သီးမှုန့်ကိုထဲ့ပြီးဆီသတ်ပေးပါ
  • မွှေးလာတာနဲ့ဂဏန်းသားကို ဆား ငံပြာရည် အရသာမှုန့်တို့ထဲ့ပြီး ဆီသတ်ပေးပါ
  • ဂဏန်းအသားလေးတွေ အရောင်ပြောင်းပြီး မွှေးလာတာနဲ့ ရေမမြုပ်တမြုပ်ထဲ့ မကျီးနှစ်ထဲ့ပြီး ရေခမ်းအောင်ချက်ပေးပါ
  • ရေခမ်းသွားပြီဆိုတာနဲ့ အပေါ့အငံအရသာမြည်းပြီးပါက ချင်းမဆလာနံ့သင်းသင်းလေးနဲ့ချဉ်ဖြုံ့ဖြုံ့ ခပ်စပ်စပ် ဂဏန်းအသားဟင်းလေးရပါပြီ။

No comments:

Post a Comment