Thursday 21 August 2014

အိုးပူတိုက်ငါးကင်


ဒီနေ့တော့ ငါးကိုအိုးပူတိုက်ပြီး အကင်လေး လုပ်ဖြစ်ပါတယ် မာမာကတော့ ကိုယ်စားတတ်တဲ့ ငါးဖြစ်တဲ့ ဘာဆာငါးကိုဘဲ သုံးထားပါတယ် အရိုးမပါသလို ငါးအနံ့လဲ မရတဲ့အတွက် စားရတာ တော်တော်လေး အဆင်ပြေပါတယ်။

ငါးကိုအရသာတွေနဲ့နယ်ပြီး တနာရီလောက် နှပ်ထားကာ ကင်မှမို့ အိုးပူတိုက်လို့ကောင်းမဲ့ ဒယ်အိုးမျိုးနဲ့ အိုးပူတိုက်ပါမယ် အိုးပူတိုက်တဲ့ အခါမှာလဲ ရိုးရိုးဆီထက် သံလွင်ဆီသုံးတာ ပိုပြီးကောင်းပါတယ် သံလွင်ဆီရဲ့ အရသာကြောင့် ငါးအိုးပူတိုက် အကင်လေးက အရသာတစ်မျိုးနဲ့ ပိုပြီးထူးစေပါတယ်။

ငါးအရသာနယ်ရန်

အရိုးမပါဘဲအသားလွှာထားသော ဘာဆာငါးပြား - ၂ပြား
ခပ်နုတ်နုတ်စဉ်းထားသောနံနံပင် - အပင်ကြီးကြီး ၂ပင်
ခပ်နုတ်နုတ်စဉ်းထားသော ပူစီနံ - အခက်ကြီးကြီး ၅ခက်
ခပ်နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
ညက်နေအောင်ထောင်းပြီး အရည်ယူထားသောချင်း - လက်တဆစ်
ဆား - လက်ဖက်ရည်ဇွန်း တ၀က်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
မညက်တညက်ထောင်းထားသောငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
အားလုံးကိုရောနယ်ပြီး တစ်နာရီလောက်နှပ်ထားပေးပါ
တနာရီလောက်ပြည့်တာနဲ့ပေါင်မုန့်ခြောက် ထမင်းစားဇွန်း ၄ဇွန်းလောက်နဲ့နှံ့အောင်နယ်ပေးပါ

ကင်ဖို့ပြင်ပါမယ်
ကင်လို့ကောင်းပြီး မကပ်သော အိုးကို မီးအပူပေးပါ
အိုးပူလာပြီဆိုရင် မီးကိုအနိမ့်ဆုံးကို လျော့ချပေးပြီး သံလွင်ဆီ ထမင်းစားဇွန်း ၂ဇွန်းလောက်ကို အိုးထဲ ထည့်ပေးပါ 
ဆီငွေ့တက်လာပြီ ဆိုတာနဲ့ အရသာ နယ်ထားသောငါးကို အိုးထဲထည့်ပြီး ကင်ပေးပါ
တစ်ဖက်နဲ့တစ်ဖက်ကို အကြာကြီး မထားဘဲ မကြာမကြာ လှည့်ပေးပါ
ဆယ်မိနစ်လောက် အိုးပူတိုက်ပြီး ကင်ပေးပြီးတာနဲ့ သံလွင်ဆီနံ့ မွှေးနေတဲ့ ငါးကင်လေးရပါပြီ။

No comments:

Post a Comment