Saturday 16 August 2014

ငှက်ပျောကြော် ချိုချိုလေး



အခုရက်ထဲ အကြော်လေးတွေတစ်နေ့တစ်မျိုးကြော်စား ဖြစ်နေပါတယ် နေ့လည်နေ့ခင်း အပျင်းပြေလေးဘဲဖြစ်ဖြစ် ထမင်းစားပြီး အချိုတည်းရင်ဘဲဖြစ်ဖြစ် မနက်စောစော အစာပြေ စားရင်ဘဲဖြစ်ဖြစ်ပေါ့ အရမ်းကိုအဆင်ပြေလွန်းတဲ့ အကြော်လေးပါ။
အကြော် ကြော်တဲ့ နေရာမှာ မာမာကတော့ တန်ပူရာမှုန့်နဲ့ ကြော်ထားပြီး မိတ်ဆွေတို့မှာ တန်ပူရာမှုန့် မရှိပါက နှစ်သက်ရာ အကြော်မှုန့်တို့နဲ့ ကြော်ပေးရင် ရပါတယ်  ကြော်ရတာ အရမ်းကို လွယ်ပါတယ် စားလို့လဲကောင်းတဲ့အတွက်  ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ရခိုင် ငှက်ပျောသီး - ငါးလုံး
  2. တန်ပူရာမှုန့်  - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်သာသာ
  4. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ တန်ပူရာမှုန့်ကို ရေအေးနှင့် ဖျော်ထားပေးပါ
  • ငှက်ပျောသီးကို အခွံနွာပြီး ဖျော်ထားသော မုန့်နှစ်မှာ ငှက်ပျောသီး တစ်ခုလုံးကို လူးပေးပါ
  • ဒယ်အိုးထဲမှာ ဆီခပ်များများထည့်ပြီး ဆီကိုမီးပြင်းပြင်းနှင့် အပူပေးပါ 
  • ဆီပူလာပါက မီးကိုအနေတော် လျှော့ပေးပြီးမှ  မုန့်နှစ်လူးထားသော ငှက်ပျောသီးကို တစ်လုံးခြင်းထဲ့ကြော်ပေးပါ
  • ငှက်ပျောကြော် တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာချိုချိုနဲ့ကောင်းလွန်းတဲ့ ငှက်ပျောကြော် မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment