Wednesday 29 October 2014

သတ်သတ်လွတ် ကော်ပြန့်စိမ်း


ဒီနေ့လုပ်စားဖြစ်တဲ့ သတ်သတ်လွတ် ကော်ပြန့်စိမ်းလေးပေါ့ ကော်ပြန့်စိမ်းဆိုရင် ဘာပါရမယ် ညာပါရမယ် ဘာပါမှပြည့်စုံမယ် ညာပါမှ ပြည့်စုံမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ မရှိပါဘူး။

စားတဲ့အခါ ခံတွင်းတွေ့ဖို့သာ အဓိကမို့ ဒီနေ့အိမ်မှာရှိတဲ့ အသီးအရွက်လေးနဲ့ သမီးအတွက် ကော်ပြန့်စိမ်းလေး လုပ်ပေးဖြစ်ပါတယ်။

ကော်ပြန့်စိမ်းလေး မကြာမကြာ လုပ်စားဖြစ်သလို အိမ်မှာရှိတဲ့ အသီးအရွက်တွေနဲ့အဆင်ပြေအောင် လုပ်နိုင်တာမို့ အရသာရှိရှိနဲ့ စားသုံးနိုင်အောင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်​ပစ္စည်းများ

  1. အနေတော်အရွယ် လှီးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  2. အနေတော်အရွယ် လှီးထားသော တရုတ်မုန့်ညှင်း - တရုတ်ဟင်းပြင်ပန်းကန် တလုံးမောက်မောက်
  3. လက်တစ်ဆစ်ခန့်အနေလှီးထားသော ကြက်သွန်မိတ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  4. တစ်လက်မသာသာအရှည် အချောင်းလေးများရအောင် လှီးထားသော မုံလာဥနီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  5. လက်တစ်ဆစ်ခန့်အရွယ်လှီးထားသော တရုတ်နံနံ - လက်ဖက်ရည်ကြမ်းပန်းကန် တစ်လုံးမောက်မာက်ေ
  6. သေးသေးနုတ်နုတ်လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  7. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  11. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  13. ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း ၂ဇွန်း
  14. Rice paper - ၁၂ရွက်

ပြင်ဆင်ပုံ
  • လှီးထားသော အသီးအရွက် အားလုံးကို ရေဆေးပြီး ရေစစ်ထားပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို နီညိုရောင် သန်းလာတဲ့ထိ ကြော်လိုက်ပါ
  • ပြီးတာနဲ့ကြက်သွန်နီကို မိနစ်ဝက်လောက် ထဲ့မွှေပါ
  • မုံလာဥနီ ဂေါ်ဖီ တရုတ်မုန့်ညှင်းတို့ကို မိနစ်ဝက်လောက် ထဲ့မွှေပါ
  • ဆား အရသာမှုန့်ထဲ့ပြီးတာနဲ့ ကြက်သွန်မိတ် တရုတ်နံနံ ငရုတ်ကောင်းမှုန့် နှမ်းဆီတို့ကို ထဲ့မွှေပါ
  • တမိနစ်လောက်မွှေပြီးတာနဲ့ မီးပိတ်ပြီး ကြော်ထားသောအိုးကို တခြမ်းစောင်းကာ အအေးခံပြီး အရည်စစ်ပေးထားပါ။
  • အသီးအရွက်များအေးတာနဲ့ ဆန်ပြားရွက်ကို ရေနွေးနွေးလေးနဲ့ ပန်းကန်ပြားတချပ်ထဲ ထဲ့ပြီး မိနစ်ဝက်လောက်ဘဲ ပျော့လာတဲ့ထိစိမ်လိုက်ပါ
  • စိမ်ပြီးတာနဲ့ ပန်းကန်ပြားအခြောက်တချပ်ပေါ်ဖြန့်တင်ပြီး ခင်းပေးပါ
  • ကြော်ထားသောအစာကို ထမင်းစားဇွန်း သုံးဇွန်းလောက်ကို အောက်ဖက်နားမှာ ပုံပြီးထဲ့ပေးပါ
  • ပုံထားသော အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
  • ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစ်စဆီ ခေါက်ပေးပါ
  • နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
  • ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါလှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်။
အချဉ်ရည်အတွက်ပြင်ပါမယ်
  • Tomato sauce ထမင်းစားဇွန်း ၂ဇွန်း
  • Chili sauce ထမင်းစားဇွန်း ၂ဇွန်း 
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ရေနွေး ထမင်းစားဇွန်း ၄ဇွန်း တို့ကိုရောမွှေပေးပါ

6 comments:

  1. ကော်ပြန့်စိမ်း ကြိုက်တယ် မနေ့ကတောင် စားဖြစ်သေးတယ် မာမာရေ...
    နည်းလေးအတွက် ကျေးဇူးနော် ..

    ReplyDelete
  2. မလုပ်တတ်သေးလို့ တခါမှလုပ်မစားဖြစ်သေးဘူးသေချာလေ့လာပြီးလုပ်စားရမယ်
    ကျေးဇူးပါရှင်။

    ReplyDelete
    Replies
    1. အသီးအရွက်လှီးချိန်လေးဘဲ နဲနဲကြာတာလေ စံပယ်ချိုရေ
      အားတဲ့အခါ လုပ်စားကြညိ့နော် :-D

      Delete
  3. ဟုတ်ကဲ့ပါ တီတင့်ရေ
    မီးမီးက သတ်သတ်လွတ်စားတော့ ကြံဖန်ပြီး လုပ်ပေးနေရတာမို့ စိတ်ကူးရရာလေးပေါ့နော် :-D

    ReplyDelete
  4. ကော်ပြန့်စိမ်း လုပ်နည်းသိချင်နေတာနဲ့ အတော်ပဲ မမမာရေ..ကျေးဇူးပါနော်
    နှမ်းကပ်မုန့်လက်ကောက်လဲ ကြိုက်တယ် အမရေ...း)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. လုပ်စားကြည့်နော် မိုးစက်ဝိုင်ရေ

      Delete