Thursday 6 November 2014

မယ်ဇလီဖူးသုပ်



မယ်ဇလီဖူးလေးများ

မယ်ဇလီဖူး

မယ်ဇလီဖူးကို အခါးအရသာ သက်သာစေရန်
 ရေသုံးခါလဲပြီး ပြုပ်ပေးပါ

လိုအပ်သောအစာများ အားလုံးထဲ့ပြီး
သုပ်ထားသော မယ်ဇလီဖူးသုပ်

ဒီနေ့က တန်ဆောင်မုန်းလပြည့်နေ့ပါ တန်ဆောင်မုန်း လပြည့်နေ့ ညအခါ သမယတွင် မယ်ဇလီဖူးသုပ်ကို စားသုံးခြင်းဖြင့် ၉၆ပါးသော ရောဂါကို ပျောက်ကင်းသက်သာစေပြီး အသက်ကို ရှည်စေပါတယ်လို့ သာရကောမုနိ ဆေးကျမ်းက ဆိုထားပါတယ်။

တန်ဆောင်မုန်း လပြည့်ည အခါသမယမှာ ဆေးပင်တို့ကိုစောင့်ရှောက်ကြတဲ့ နတ်အပေါင်းတို့က မယ်ဇလီပင်စောင့်နတ်မင်းကို တစ်ချိန်တည်းမှာ တစ်ညီတညွတ်တစ်ညွတ်ထဲ လာရောက်ခစားကြတဲ့အတွက် ဆေးပေါင်းခတယ်လို့လည်းဆိုပါတယ်။

တန်ဆောင်မုန်း လပြည့်ညက ကြယ်တာရာနတ္ခအစုံ ထွက်ပေါ်ချိန်လရိပ်က ရေရဲ့အလယ်ကျနေချိန် ဖြစ်တဲ့အတွက် အဲဒီအချိန်ခူးဆွတ်မိတဲ့ ဆေးပင်ဆေးရွက်တို့ဟာ ဆေးအာနိသင် အပြည့်အ၀ ပြတယ်လို့လဲ ဆိုကြပါတယ်။

ညသန်းခေါင် မွန်းတည့်ချိန်ရောက်သော အချိန်မှာ ရရာသစ်မြစ်တို့ကို နူတ်ယူသိမ်းဆည်းကာ ဆေးဝါးအဖြစ်သုံးစွဲတတ်ကြပါသေးတယ် ထိုကဲ့သို့ဘဲ လက်လှမ်းမှီရာ အသီးအရွက်တို့ကို ခူးယူကာ သုပ်စားခြင်းဖြင့်လဲ ဆေးပေါင်းခတယ်လို့ဆိုကြပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့ည လမွန်းတည့်ချိန်မှာ ဆေးပေါင်းခအောင် စားရမဲ့ မယ်ဇလီဖူး သုပ်နည်းလေးကိုမာမာပြင်ဆင်ထားတဲ့အတိုင်း မျှဝေပေးစလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မယ်ဇလီဖူး - လက်တစ်ဆုတ်စာ နှစ်စည်း
  2. ကြက်သွန်နီ -အနေတော် တစ်လုံး
  3. ခရမ်းချဉ်သီး - အနေတော် တစ်လုံး
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အကျက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း 
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးထဲမှာ မယ်ဇလီဖူးကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပထမ တစ်ရည်နှင့် ပြုပ်ပြီးပါက ရေကိုသွန်ပေးပြီး နောက်တရည် ထပ်ထည့်ပြီး ပြုပ်ပေးပါ
  • ရေပွက်ပွက်ဆူပြီး မယ်ဇလီဖူးများ နူးအောင်ပြုပ်ပေးကာ အိုးထဲမှာ ကျန်နေသော ရေကိုသွန်ပေးကာ
  • ပြီးတာနဲ့ ရေစစ်ပေးကာ ငရုတ်ဆုံထဲမှာထည့်ပြီး မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်နီကိုအခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ ဝင်အောင် ခပ်ဖွဖွ နယ်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ ပြင်ပေးပြီး ဆေးပေါင်းခမဲ့ မယ်ဇလီဖူးသုပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

3 comments:

  1. ညကတီတင့်လဲ မယ်ဇလီဖူးသုပ်စားတယ် မာမာရေ...
    ထည့်တဲ့အမယ်တွေ ဆင်တူပေမယ့် ပဲမှုန့်နေရာမှာ တီတင့်ကမြေပဲထောင်းထည့်တယ်။
    ပုဇွန်ခြောက်လဲထောင်းထည့်တယ်။

    ReplyDelete
  2. ဟုတ်ကဲ့ပါတီတင့်ရေ
    မာမာကမြေပဲမရှိလို့ မထဲ့လိုက်ရဘူးဖြစ်သွားတယ်
    ဒီကြားထဲ မကျီးမှည့်က ကုန်ပြန်တော့ သံပုရာသီးလေးနဲ့ သုပ်လိုက်ရပြန်ပါလေရော လေ :-D

    ReplyDelete
  3. ကိုယ်ဝန်ဆောင်တွေစားသင့်တယ်လို့သိရပါတယ် ဘာရောဂါ ကာကွယ်ပေးလို့လဲ သိခြင်ပါတယ်ခင်ဗျာ

    ReplyDelete