Monday 26 January 2015

ပြည်ကြီးငါးသုပ်

 












ပြည်ကြီးငါးတွေ ၀ယ်လာပြီး ဘယ်လိုလုပ်စားရင် ကောင်းမလဲ စဉ်းစားနေတုံး မာမာ့လက်ထောက် သမီးလေးက မေမေရေ အသုပ်လေး လုပ်စားရင် ကောင်းမယ်နော်လို့ သူအကြံပေးတာနဲ့ ပြည်ကြီးငါးကို ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ်။

ပြည်ကြီးငါးက အနံ့နဲနဲ ညှီချင်တာမို့ သူ့ကို အရင်ဆုံ အနံ့သေအောင်  ကြက်သွန်ဖြူ  ချင်း ဗနီကာတို့နဲ့ အနံ့သေအောင် ပြုပ်ပါတယ် ပြုပ်ချိန်ကတော့ မကြာပါဘူး နှစ်မိနစ်ကျော်ကျော်လောက်ဆိုရင် ရပါတယ် သိပ်ကြာသွားရင် ပြည်ကြီးငါးရဲ့အသားက မာပြီးစားလို့မကောင်းတော့ပါဘူး ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပြည်ကြီးငါးပြုပ်ရန်

  1. သန့်ရှင်းနေအောင် ဆေးကြောထားသော ပြည်ကြီးငါး - 300 g
  2. ဗနီကာ -ညထမင်းစားဇွန်း နှစ်ဇွန်း
  3. ခပ်ပါးပါး လှီးထားသော ချင်း - တစ်လက်မ
  4. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ  အမွှာကြီးကြီး - သုံးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ 

ပြုပ်ဆင်ပုံ
  • အိုးတစ်လုံးထဲမှာ ရေအနေတော်ထည့်ကာ ဆား ချင်း ကြက်သွန်ဖြူ  ငရုတ်ကောင်း ဗနီကာတို့ကိုထည့်ကာ ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ပြည်ကြီးငါးကိုထဲ့ပြီး နှစ်မိနစ်လောက် ပြုပ်ပေးပါ
  • ပြုပ်ပြီးတာနဲ့ဆယ်ယူပြီး ရေခဲရေ (သို့)ရေအေးအေးမှာ ခနစိမ်ပေးပါ
  • အေးပြီး ခပ်တောင့်တောင့်လေး ဖြစ်လာပြီဆိုတာနဲ့ အကွင်းလိုက် မထူမပါးလေးတွေ လှီးပေးပါ
ပြည်ကြီးငါး အသုပ်သုပ်ရန်
  • ခရမ်းချဉ်သီး ခပ်ကြီးကြီး တစ်လုံးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင် နှစ်ပင်ခန့်ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်း နှစ်သက်သလောက်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဇလုံတစ်လုံးထဲမှာ ပြည်ကြီးငါး ပဲဆီစိမ်း ထမင်းစားဇွန်း တစ်ဇွန်း ခရမ်းချဉ်သီး ငရုတ်သီးစိမ်း နံနံပင် ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို ထည့်ပေးကာ ခပ်ဖွဖွ အရသာဝင်အောင် နယ်ပေးပါ
  • အရသာမြည်းပြီး လိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီး စားသုံးဖို့ အဆင်သင့်ဖြစ်တဲ့ ပြည်ကြီးငါး ချဉ်ငံစပ် အသုပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

3 comments:

  1. ပြည်ကြီးငါးကို အဲ့လိုသန့်ရှင်းသွားအောင် ဘယ်လိုဆေးရတာလဲ အမရေ... ပြောပြပါအုံးနော်။

    ReplyDelete
    Replies
    1. ပြည်ကြီးငါးကို အထဲကအမဲအိတ်ဖယ် မလိုတာတွေဖယ်ပြီး ဗီနီကာအနေတော်ထည့်ပြီး နယ်ဆေးလိုက်ရင် အခုလို ဖြူဖွေးနေတဲ့ အရောင်လေးရပါတယ် ညီမလေးရေ

      Delete
  2. ကလေးမွေးထားတာ၅လပဲရှိသေးရင်ရောစားလို့ရလားဗျ

    ReplyDelete