Wednesday 18 February 2015

ချဉ်ငံစပ် ဧရာဝတီငါးပိချက်









ဒီငါးပိချက်လေးကို ညီမငယ်လေး Thiri Win Shwe ချက်တာကြည့်ပြီး စားချင်တာနဲ့ ချက်နည်းလေးမေးပြီး ချက်ထားတာပါ ထမင်းကို တကယ်မိန်စေတဲ့ ငါးပိချက်လေးပါ အဆင်ပြေမယ်ဆိုရင် ချက်စားကြည့်စေချင်ပါတယ်။

ငါးပိချက် ချက်နည်းပေးတဲ့ ညီမလေးက မော်ဒယ်ဒီဇိုင်နာ တယောက်မို့ အလုပ်အရမ်းများပါတယ် ဒါကြောင့်မို့ ငါးပိချက်ရဲ့ ရာဇ၀င်လေးတော့ မအားသေးတာနဲ့ မမေးရသေးပါဘူးရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခြောက် - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးစာ
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း - တစ်ဝက်
  4. ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  5. မန်ကျည်းသီးမှည့် အနှစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. ပုဇွန်ငါးပိ -ထမင်းစားဇွန်း သုံးဇွန်းမောက်မောက်
  7. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ
  • ပုဇွန်ခြောက်ကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက်စိမ်ကာ ညက်နေအောင် ထောင်းပေးပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းပေးပါ။
  • ပုဇွန်ငပိကို ရေလက်ဖက်ရည်အကြမ်း ပန်းကန်လုံး တလုံးသာသာနှင့် အရည်ဖျော်ထားပါ။
  • မကျီးသီးမှည့်အနှစ်ကိုလဲ ရေလက်ဖက်ရည် အကြမ်းပန်းကန်းလုံး တလုံးသာသာနှင့် အရည်ဖျော်ထားပါ။
  • ငရုတ်သီးအကြမ်းမှုန့်ကိုလဲ အဆင်သင့် ပြင်ထားပါ။
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး  မီးအနေတော်နဲ့ အပူပေးပါ။
  • ဆီပူလာတာနဲ့ကြက်သွန်ဖြူထောင်းကို မိနစ်ဝက်ခန့် မရှိတရှိကြော်ပေးပါ။
  • ပြီးတာနဲ့ ငရုတ်သီးအကြမ်းမှုန့်ကို မိနစ်ဝက်လောက် ထည့်ကြော်ပေးပါ။
  • ငရုတ်သီးနံ့လေး သင်းလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကိုထည့်ပြီး ၂မိနစ်လောက်မွှေကြော် ကြော်ပေးပါ။
  • ပြီးတာနဲ့ ပုဇွန်ငါးပိ အရည်ဖျော်ကိုထည့်ပြီး မိနစ်ဝက်လောက်မွှေပေးပါ။
  • အရသာ သမသွားတာနဲ့ မကျီးသီးမှည့် အရည်ဖျော်ကို ထည့်မွှေပေးပါ။
  • ငါးပိချက်ထဲမှ မန်ကျည်းသီးမှည့်အနှစ် အရည်များ ခမ်းလာပြီး ဆီမပြန်ခင် မီးပိတ်ပြီး ချဉ်ချဉ်ငံငံစပ်စပ် ဧရာဝတီငါးပိချက်လေးနဲ့ ထမင်းမိန်မိန် သုံးဆောင်နိုင်ရန် စားပွဲပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment