Monday 6 April 2015

ချဉ်ငံစပ် ငါးဗျက်ဟင်း





မာမာတယောက် မာမာနေတဲ့မြို့ကို မုန်တိုင်းဝင်သွားပြီးထဲက ဘလော့လေးဆီ မ၀င်ဖြစ်ခဲ့တာ တော်တော်လေး ကြာသွားခဲ့ပါတယ်။

ဒီနေ့တော့ ငါးဗျက်ဟင်း ချက်နည်းလေးရေးရင်း ပြန်လာခဲ့ပါပြီ ဒီငါးလေးက အချိုလေးတဲ့အတွက် စားလို့အင်မတန် ကောင်းပါတယ် မြန်မာပြည်မှာတော့ အရမ်းပေါတယ် မာမာနေတဲ့ နိုင်ငံမှာတော့ ၁၂ကောင်လောက်ပါတဲ့ အထုတ်တထုတ်ကို $9.90 လောက်ပေးရပါတယ်။

ဒီငါးက ချဉ်ငံစပ်လေးချက်မှ စားကောင်းတာမို့ မာမာကတော့ မရမ်းသီးခြောက်ကို ရေစိမ်ပြီး အရည်ယူကာ ချက်ထားပါတယ် မရမ်းခြောက် မရှိရင်လဲ မကျည်းအနှစ်နဲ့ချက်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါး - ၁၂ကောင်ခန့်
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. မရမ်းပြား - ၅ချပ်ခန့်
  11. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  12. မန်ကျည်းသီးမှည့် - အနည်းငယ် (ငါးဆေးရန်)
  13. ဗီနီကာ - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
ပြင်ဆင်ပုံ


  • ငါးကိုအရင်ဆုံး ခေါင်းဖယ်ဗိုက်ခွဲပြီး မလိုတာတွေ ဖယ်ပေးပါ
  • ဇလုံတစ်လုံးထဲမှာ ငါးကိုထည့်ပြီး ပထမဆုံး ဆားထမင်းစားဇွန်း တစ်ဇွန်းနဲ့ နယ်ပေးပါ
  • ပြီးတာနဲ့ ရေစင်အောင်ဆေးပြီး မကျီးမှည့် သို့မဟုတ် ဗီနီကာနဲ့ နယ်ပေးကာ ရေထပ်ဆေးပေးပါ
  • အားလုံးပြီးပါက ငံပြာရည် ထမင်းစားဇွန်းတဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာတို့နဲ့ နယ်ထားပေးပါ
  • မရမ်းသီးအခြောက် ၅ခြမ်းလောက်ကို ရေဆေးပြီး ရေစိမ်ထားပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့်ငရုတ်သီးအရောင်တင်မှုန့်တို့ အတူထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာပါက ငါးကိုမာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက မရမ်းခြောက် အရည်ကိုညှစ်ပြီး ငါးထဲမြုပ်အောင် ထည့်ပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ငါးဟင်း အရသာ ချဉ်ငံစပ်လေးရရင် မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ။

2 comments:

  1. ငါးဗျက်ဟင်း ချဉ်ငံစပ်ကလေး ကြည့်ပြီး သွားရေ တောက်တောက်ကျသွားပါတယ် .... ^____^

    ReplyDelete
    Replies
    1. အပြေးကလေး လာပို့ချင်လိုက်တာ

      Delete