Thursday 30 April 2015

ဗယာကြော် မွမွလေး













ဒီနေ့တော့ ဆောင်းအ၀င်မှာ မိုးရောလေပါ ရောသမမွှေနေတာမို့လို့ အလွန်ချမ်းတဲ့ ရာသီဥတုလေး ဖြစ်လို့နေပါတယ် အေးအေးချမ်းချမ်းလေး ကွေးနေချင်ပေမဲ့ ငါ့၀မ်းပူဆာ မနေသာဆိုတဲ့အတိုင်း ၀မ်းတထွာလေးကိုဖြည့်ဖို့ ချက်ရပါအုံးမယ်။

ဒါကြောင့်မို့လို့ အလုပ်ရှုတ်တယ် ထင်ရပေမဲ့ အရမ်းကြိုက်တဲ့ ဗယာကြော်လေး ကြော်စားဖြစ်ပါတယ် ပြင်ရဆင်ရတာ မဆိုသလောက်လေး အလုပ်ပိုပေမဲ့ ကြော်ပြီးတဲ့အခါ စားလို့ကောင်းတော့ အမောလေးတော့ ပြေတာပေါ့နော်
ပဲ 2 cups လောက်ဆို မိသားစု ၈ယောက်လောက် စားနိူင်ပါတယ် ၄ယောက်စာဆိုရင်တော့ တစ်၀က်နူန်းနဲ့တွက်ပြီး ကြော်နိူင်ပါတယ် ခြံထဲဆင်းပြီး ပူစီနံလေးတွေ ခူးပြီး ဗယာကြော်ကြော်ဖို့ ပြင်လိုက်ကြရအောင်နော်။

ပါ၀င်ပစ္စည်းများ
ပါ၀င်ပစ္စည်းများ
ကုလားပဲခြမ်း - 2 cups
ပူစီနံ - ထမင်းစားဇွန်း ၃ဇွန်းမောက်မောက်
ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၃ခက်
ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၄ဇွန်း အတိ
ဆန်အစိမ်းမှုန့် -  ထမင်းစားဇွန်း ၄ဇွန်း အတိ
ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကြက်သွန်နီ - ထမင်းစားဇွန်း ၁၀ဇွန်းခန့် (လှီးပြီးသား)
ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၈မွှာ
ချင်း - လက်နှစ်ဆစ်ခန့်
ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
ကုလားပဲခြမ်းကို ဇလုံထဲထည့်ပြီး ပဲအထက် ရေလက်ခြောက်လုံးလောက် မြုပ်အောင်ထည့်ပြီး တစ်ညသိပ် ရေစိမ်ထားပါ
ရေစိမ်ပြီး ပွလာသော ပဲများကို ရေ ၃ထပ်လောက် စင်အောင်ဆေးပြီး ဇကာထဲထည့်ကာ ရေစစ်ထားပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အတုံးလေးတွေ ရအောင်လှီးပေးပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
ပူစီနံကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
ဆား အရသာမှုန့် ပဲအစိမ်းမှုန့်နှင့် ဆန်မှုန့်နှင့် ဆီတို့ကို အဆင်သင့် ပြင်ထားပါ
ပဲများ ရေစစ်သွားပါက အသားငါး ကြိတ်သော ဘလင်ဒါထဲထည့်ကာ မိနစ်၀က် တစ်ခါကြိတ်ပြီး စက်ကိုခနရပ်ကာ ဘေးမှာကပ်နေသော ပဲများ အထဲကို တွန်းချပေးပြီး အထက်ပါ နည်းအတိုင်း ၄ခါလောက် ကြိတ်ပေးပါ
ကြိတ်ထားသော ပဲခြမ်းများ ခပ်ကြမ်းကြမ်း အနေရပြီဆိုရင် ဇလုံတစ်ခုထဲ ပြောင်းထည့်ပြီး ဆား ကြက်သားမှုန့် ဆန်အစိမ်းမှုန့် ပဲအစိမ်းမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း ပျဉ်းတော်သိမ်းရွက် ပူစီနံနံရွက်တို့ ထည့်ကာ အားလုံးကို သမအောင် နယ်ပေးပါ
ပြီးတာနဲ့ အရသာ နယ်ထားသော ပဲများကို ထမင်းစားဇွန်း နှစ်ဇွန်းလောက်ကို အလုံးလေးတွေ ဆုတ်ပေးထားပါ
အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဆီခပ်များများကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
ဆီပူ မပူကို ပဲဆုတ် ခပ်သေးသေးလေးဆုတ်ကာ ထည့်ကြည့်ပါ
ချက်ခြင်းဘဲ ပဲဆုပ်လေး ဆီပေါ်တက်လာပြီဆိုရင် ဆီပူလာပြီမို့လို့ မီးကိုနည်းနည်း ထပ်လျော့ကာ ဗယာကြော် တစ်ခုစာယူပြီး ခပ်ဖွဖွ ဆုပ်ပေးကာ ဆီအိုးထဲကို တစ်ခုခြင်း အိုးဆန့်သလောက် ထည့်ပေးပါ
တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပြီး တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပါ
နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ပေးကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
ငရုတ်သီးတောင့် အခြောက်ကြော်နှင့် ပျဉ်းတော်သိမ်းရွက်ကြော်တို့ကြော်ပြီး ဗယာကြော်မွှေးမွှေးလေးနဲ့ တွဲဖက်ပြီး စားနိုင်ပါတယ်။

No comments:

Post a Comment