Friday 15 May 2015

ရှမ်းနံနံ ဗယာကြော်



ရေစိမ်ထားသော ပဲခြမ်း

ရှမ်းနံနံနှင့် ပျဉ်းတော်သိမ်းရွက်

ပျဉ်းတော်သိမ်းရွက်ကြော်ရန်



ရေစိမ်ထားသော ပဲများကို ဗလင်ဒါထဲ 
ထည့်ကြိတ်ထားသောပဲနှင့် လိုအပ်သောပစ္စည်းများ

အားလုံးကိုရောနယ်ပြီး ဗယာကြော် 
တခုစာယူပြီး ဆီထဲထည့်ကြော်ပေးပါ

အစားအသောက် တခုကို ဘယ်ပစ္စည်း ဘယ်လောက်ထည့်ပါဆိုပြီး ပုံမှန် ဟင်းချက်နည်းတွေထက် တခါတလေ ကိုယ့်စိတ်ကူးနဲ့ကိုယ် အဆင်ပြေအောင် ချက်လိုက်တဲ့ ဟင်းတွေက ပိုပြီးအရသာရှိ ပိုပြီးကောင်းတတ်ပါတယ်။

ဒီနေ့လဲ သတ်သတ်လွတ်စားတဲ့ သမီးအတွက် ဗယာကြော် ကြော်ဖို့ပြင်ဆင်ရင်း သမရိုးကျ ကြော်နေကျထဲက နည်းနည်းခွဲထွက်ပြီး ကြော်လိုက်တာ စားမလောက် ဗယာကြော်လေးဖြစ်သွားလို့ ကိုယ့်ဘာသာကိုယ် ပီတိတွေ ဖြစ်မိသွားပါတယ်။

ဗယာကြော် ကြော်တဲ့အခါ အရင်ထည့်နေကျ  ပူစီနံအစား ရှမ်းနံနံရွက်ကို အစားထိုးပြီး ထည့်ကာ ကြော်ထားပါတယ် ပြောချင်တာလေး နောက်တစ်ခုက ဗယာကြော် ကြော်တဲ့အခါ မိမိနှစ်သက်တဲ့ အရွက်လေးတွေ ထည့်ပြီးတော့ ကြော်နိုင်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကုလားပဲခြမ်း - 2 cups
  2. ပျဉ်းတော်သိမ်းရွက် - ထမင်းစားဇွန်း ၃ဇွန်းမောက်မောက်
  3. ရှမ်းနံနံရွက် - ထမင်းစားဇွန်း ၃ဇွန်းမောက်မောက်
  4. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၄ဇွန်း အတိ
  5. ဆန်အစိမ်းမှုန့် -  ထမင်းစားဇွန်း ၄ဇွန်း အတိ
  6. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  9. ကြက်သွန်နီ - ထမင်းစားဇွန်း ၁၀ဇွန်းခန့် (လှီးပြီးသား)
  10. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၈မွှာ
  11. ဆီ - လိုသလောက် သုံးပေးပါ
ဗယာကြော် ကြော်ရန် ပါဝင်ပစ္စည်းများ

ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းကို ဇလုံထဲထည့်ပြီး ပဲအထက် ရေလက်ခြောက်လုံးလောက် မြုပ်အောင်ထည့်ပြီး တစ်ညသိပ် ရေစိမ်ထားပါ
  • ရေစိမ်ပြီး ပွလာသော ပဲများကို ရေ ၃ထပ်လောက် စင်အောင်ဆေးပြီး ဇကာထဲထည့်ကာ ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အတုံးလေးတွေ ရအောင်လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းပေးပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ရှမ်းနံနံကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးထားပါ
  • ဆား အရသာမှုန့် ပဲအစိမ်းမှုန့်နှင့် ဆန်မှုန့်နှင့် ဆီတို့ကို အဆင်သင့် ပြင်ထားပါ
  • ပဲများ ရေစစ်သွားပါက အသားငါး ကြိတ်သော ဘလင်ဒါထဲထည့်ကာ မိနစ်ဝက် တစ်ခါကြိတ်ပြီး စက်ကိုခနရပ်ကာ ဘေးမှာကပ်နေသော ပဲများ အထဲကို တွန်းချပေးပြီး အထက်ပါ နည်းအတိုင်း ၄ခါလောက် ကြိတ်ပေးပါ
  • ကြိတ်ထားသော ပဲခြမ်းများ ခပ်ကြမ်းကြမ်း အနေရပြီဆိုရင် ဇလုံတစ်ခုထဲ ပြောင်းထည့်ပြီး ဆား ကြက်သားမှုန့် ဆန်အစိမ်းမှုန့် ပဲအစိမ်းမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီ ပျဉ်းတော်သိမ်းရွက် ရှမ်းနံနံရွက် ငရုတ်သီးစိမ်းတို့ ထည့်ကာ အားလုံးကို သမအောင် နယ်ပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဆီခပ်များများကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူ မပူကို ပဲဆုတ် ခပ်သေးသေးလေးဆုတ်ကာ ထည့်ကြည့်ပါ
  • ချက်ခြင်းဘဲ ပဲဆုပ်လေး ဆီပေါ်တက်လာပြီဆိုရင် ဆီပူလာပြီမို့လို့ မီးကိုနည်းနည်း ထပ်လျော့ကာ ဗယာကြော် တခုစာယူပြီး ခပ်ဖွဖွ ဆုပ်ပေးကာ ဆီအိုးထဲကို တစ်ခုခြင်း အိုးဆန့်သလောက် ထည့်ပေးပါ
  • တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပြီး တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ပေးကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
ငရုတ်သီးတောင့် အခြောက်ကြော်နှင့် ပျဉ်းတော်သိမ်းရွက်ကြော်တို့ကြော်ပြီး ဗယာကြော်မွှေးမွှေးလေးနဲ့ တွဲဖက်ပြီး စားနိုင်ပါတယ်။

4 comments:

  1. အိုင်အိုရာက ရှမ်းနံနံကြိုက်တော့ ဒီလိုကြော်တာကြိုက်မှာသေချာတယ်။
    မမာပြောသလို ဆန်မှုန့် လေးနဲ့ ဆိုတော့ ပိုမွပြီး ကြွှတ်မှာပေါ့နော်။
    ပဲသိပ်မကြိုက်လို့ ခဏခဏမစားဖြစ်ဘူး။
    ဒါပေမဲ့ စမ်းကြည့်အုန်းမယ် ဒီနည်းလေးကို။
    အိုင်အိုရာ ရှမ်းနံနံပင်လေး ရှားရှားပါးပါး ၀ယ်လာတာ ဗီယက်နမ်လယ်သမားဈေးကိုအစောကြီးသွားပြီးတော့။
    စနိုးကနှိပ်စက်သွားတာ နလံကိုမထူဘူး။
    ဟိုတစ်လောက နဲနဲလေး နလံထူလာလို့ ပျော်နေတာ။
    တစ်နေ့ က ပက်ကျိသေးသေးလေး ကနှိပ်စက်သွားတာ အရွက်တွေအကုန်ကုန်ရောမမာရယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. စားလို့ကောင်းတယ် အိုင်အိုရာ
      ကြော်စားကြည့်နော်

      Delete
  2. ဗယာကြော် နောက်တနည်းနဲ့ ကြော်နည်းလေး မှတ်သွားပါတယ်နော် .... ^___^

    ReplyDelete
    Replies
    1. ကြော်စားကြည့်နော် ညီမလေး

      Delete