Sunday 3 May 2015

ပုဇွန်ဆိတ် အုန်းနို့ နန်းပြားခေါက်ဆွဲ စိမ့်စိမ့်လေး














မနေ့က မာမာ့သမီးလေး မွေးနေ့မှာ ချက်ဖြစ်ခဲ့ အုန်းနို့ခေါက်ဆွဲ ချက်နည်းလေး မျှဝေချင်ပါသေးတယ် ကြက်သားမစားတဲ့ သမီးအတွက် ပုဇွန်သေးသေးလေးတွေကို ဆီသတ်ပြီး ချက်ထားတာမို့ တမျိုးလေး ဆန်းများနေမလားမသိဘူးနော် ကြက်သားအစားထိုး ချက်နည်းလေးပေါ့။

နောက်တခုက ကုလားပဲခြမ်း မပြုပ်တော့ဘဲ ကုလားပဲမှုန့်လေးနဲ့ ချက်ထားတာမို့ အရသာက ပိုပြီးကောင်းပါတယ်။

ပါဝင်ပစ္စည်းများ (၅ယောက်စာ )

  1. ခေါက်ဆွဲဖတ် - 1500 g
  2. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်ဥ (နန်းပြားဟင်းရည်ဆမ်းထဲ ထည့်စားရန်)
  4. ကြက်သွန်နီ - အနေတော် သုံးလုံး (ဆီသတ်ရန်)
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄ မွှာ
  6. ကြက်သွန်နီ - အလုံးသေး ၇ လုံး
  7. အုန်းဆီ ချက်ပြီးသား - ထမင်းစားဇွန်း ၃ဇွန်းသာသာ
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  9. ငံပြာရည်  - ထမင်းစားဇွန်း ၄ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  14. ပုဇွန် - 250 g
  15. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  16. ဘဲဥ - သို့မဟုတ် ကြက်ဥ ၇လုံး 
  17. သံပုရာသီး - နှစ်လုံး
  18. ကြက်သွန်မိတ် - အနည်းငယ်
  19. ဆန်ပြားအခြောက် - လိုသလောက် (အကြွတ်ကြော်ရန်)
ပုဇွန်ဆီသတ်ရန်
  • ပုဇွန်ကို ခေါင်း အမြှီး အခွံ ကြောမှအမည်းကြောင်းများကို ဖယ်ကာ ရေစင်အောင်ဆေးပါ
  • ကြက်သွန်နီ အလုံးကြီး သုံးလုံးကို အခွံခွာပြီး ရေဆေးကာ ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေေေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့် ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို နွမ်းအောင်ထည့်ကြော်ပေးပါ
  • ကြက်သွန်များနွမ်းပါက ငရုတ်သီးမှုန့်ထည့်ပြီး မွှေးလာအောင် မွှေပေးပါ
  • ငရုတ်သီးနံ့မွှေးလာပါက ပုဇွန် ငံပြာရည် ထမင်းစားဇွန်း ၂ဇွန်း ထည့်ကာ ဆီသတ်ပေးပါ
  • ဆီပြန်လာပါက ပုဇွန်ဆီသတ်ပြီးသား ရပါပြီ။
ခေါက်ဆွဲပြုပ်ရန်
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ခေါက်ဆွဲအစိုကို အနည်းငယ် ပျော့သွားစေရန် ရေဆူဆူထဲမှာတစ်မိနစ်လောက် ပြုပ်ပေးပါ
  • ခေါက်ဆွဲသား ပျော့လာပါက ဇကာထဲ သွန်ထဲ့ပြီး  ရေအေးနှင့်ဆေးကာ ရေစစ်ထားပါ
အုန်းဆီချက်ရန်
  • အုန်းသီးကို သုံးပါက အုန်းသီးကို ခြစ်နဲ့ခြစ်ပြီး အုန်းသီးမှုန့်များကို ရေနွေးပူပူလေး နဲနဲခြင်းလောင်းပြီး နယ်ပါ
  • ရေနွေးကို နည်းနည်းခြင်းဘဲ ထည့်ပြီးနယ်လိုက် အရည်ကိုယူလိုက် လုပ်ပေးပါ
  • ရေအရမ်း မများစေရန် သတိထားပြီးနယ်ပါ
  •  ရေများပါက အုန်းဆီချက်လျှင် ကြာတတ်ပါတယ်
  • အုန်းနို့များ ထွက်လာပါက အဖတ်များ မပါအောင် အ၀တ်ပါးထဲ ထည့်ပြီး ညှစ်ချပါ
  • ရလာသော အုန်းနို့ကို ဆီထမင်းစားဇွန်း ၅ဇွန်းခန့်ထည့်ပြီး အုန်းဆီဖတ်လေး ဥလာတဲ့အထိ အုန်းဆီရအောင် ချက်ပေးထားပါ
  • Ready made အုန်းနို့ဗူးကို သုံးပါက အုန်းနို့ကို အိုးထဲပြောင်းထည့်ပြီး ဆီထမင်းစားဇွန်း ၅ဇွန်းထည့်ပြီး အုန်းဆီဖတ်လေးများ ရတဲ့အထိ ချက်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ထားပါ။
အကြွတ်ကြော် ကြော်ရန်
  • ဒယ်အိုး ခပ်ကြီးကြီးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပြီးမှ ဆန်ပြားများကို ထက်ဝက်ပိုင်းပြီး အနည်းငယ်စီ ထည့်ကြော်ပါ
  • ထည့်ပြီးတာနဲ့ အကျက်ညီစေရန် အထက်အောက် ၂ချက်လောက် လှန်ပေးပါ
  • ဆန်ပြားများ ပွတက်လာတာနဲ့ ခပ်မြန်မြန်လေး ဆယ်ပေးပါ
  • ထိုနည်းအတိုင်း ဆန်ပြားကြော်ကို လိုသလောက်ကို ကုန်အောင် ကြော်ပေးပါ
  • ခေါက်ဆွဲခြောက် အကြွတ်ကြော်ကိုလဲ အထက်ပါ နည်းအတိုင်း ဆီထဲ မိနစ်ဝက်လောက် ထည့်ပြီးပြန်ဆယ်ကာ ဆီစစ်ထားပါ
ဟင်းရည်ချက်ရန်
  • ကုလားပဲ အစိမ်းမှုန့်ကို ရေ 2 cups နှင့် ပျော်သွားအောင် ဖျော်ပေးပါ
  • ပဲများကျေပြီး ပျော်သွားပါက မီးဖိုပေါ်တင်ပြီး အဆက်မပြတ် မွှေပေးပါ
  • ၅မိနစ်လောက် မွှေပေးပြီးပါက ပဲရည်များ ပြစ်လာပြီဆိုရင် ဆီသတ်ထားသော ပုဇွန်ကို ဟင်းရည်အိုးထဲကို ထည့်ပေးပါ
  • ပြီးတာနဲ့ အုန်းနို့နှင့် အခွံခွာထားသော ကြက်သွန်နီ ဥလေးများကို ထည့်ပေးပါ
  • ထိုအိုးထဲကို ရေ 15 cups ထည့်ပြီး ဆား ငံပြာရည် သကြားတို့ထည့်ကာ ဟင်းရည်ဆူအောင် တည်ပေးပါ
  • ဟင်းရည်ဆူကာ ကြက်သွန်ဥလေးများ နူးပါက အပေါ့အငံမြည်းပြီး မိမိစိတ်ကြိုက် အရသာရလာအောင် ပြင်ပေးပါ
  •  ပြုပ်ပြီးသား ဘဲဥနှစ်လုံးကို အခွံခွာပြီး ပါးပါးလှီးထည့်ကာ မီးပိတ်ပြီး သုံးဆောင်နိုင်ပါပြီ။
တစ်ပွဲစာပြင်ရန်
  • ကြက်သွန်နီကို ရေဆေးပြီး ခပ်ပါးပါးလှီးကာ နောက်ထပ် ရေတစ်ထပ် ထပ်ဆေးထားပါ
  • ဘဲဥကို ပြုပ်ထားပြီး အနေတော် လှီးထားပေးပါ
  • ငရုတ်သီးအလှော်မှုန့် လိုသလောက် ထည့်ပေးပါ
  • သံပုရာသီးကို အစိတ်လေးများ စိတ်ထားပေးပါ
  • ငရုတ်သီးအလှော်မှုန့်ကို ပြင်ထားပေးပါ
  • အကြွတ်ကြော်ကို ပြင်ထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လှီးထားပေးပါ
  • နန်းပြားဖတ်ကို ပြင်ထားပါ
  • အကြော် ငါးဖယ်ကြော်တို့ကို နှစ်သက်ပါက ပြင်ထားပေးပါ
  • ပန်းကန်တခုထဲ နန်းပြားဖတ်ထည့်ကာ အားလုံးကို အနည်းငယ်စီ ထည့်ပေးထားပြီး ဟင်းရည်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment