Tuesday 5 May 2015

ဖရဲခွံ ချဉ်ရည်ဟင်း


မာမာတယောက် ဒီနေ့တော့ ဖရဲသီးအခွံ ချဉ်ရည်ဟင်း ချက်ပါတယ် ဖရဲသီးအသားကို စားပြီး အပြင်က အသားအဖြူရောင်အခွံကို ချက်ထားတာပါ ဗူးသီး ဂေါ်ရခါးသီးတို့လိုဘဲ စားလို့ကောင်းပါတယ်။

ဖရဲခွံကို ချဉ်ဟင်းချက် တို့စရာလုပ် ၀က်နံရိုးပေါင်း ဟင်းတွေမှာ ထည့်ပြီးချက်စားရင် အရမ်းကိုကောင်းပါတယ် ဖရဲခွံဟင်းကို စစားဖူးတာ လွန်ခဲ့တဲ့ နှစ်၂၀ လောက်ထဲကပါ အမျိုးသား တာဝန်ကျရာ ကရင်ပြည်နယ် ကော့ဘိန်းတိုက်နယ်ဆေးရုံမှာ မွန်အမျိုးသမီး ဘွားမြာ ချက်ကျွေးထဲက ဖရဲခွံက ဟင်းဖြစ်တယ်ဆိုတာ သိခဲ့ရတာပါ ဒီနေ့တော့ ဘွားမြာချက်သလို ချဉ်ရည်ဟင်းလေးချက် ငရုတ်သီး ဆားထောင်းလေး ထောင်းလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အပြင်ခွံ အစိမ်းရောင်ကိုခွာပြီး တုံးထားသော ဖရဲခွံ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံး ၂လုံး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. မကျီးသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ပုဇွန်ခေါင်းချိုး - လက်ဖက်ရည်ပန်းကန်း တစ်လုံး သို့မဟုတ် နှစ်သက်ရာ ငါးတစ်မျိုးမျိုး
  9. ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံး ၂လုံး
  10. ကြက်သွန်နီ - ထောင်းပြီးသား ထမင်းစားဇွန်း ၂ဇွန်း
  11. ကြက်သွန်ဖြူ - ထောင်းပြီးသား အမွှာကြီးကြီး ၂မွှာ
  12. ချင်း - ထောင်းပြီးသား လက်တစ်ဆစ်
  13. စပါးလင် - ထောင်းပြီးသား လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ဇောက်နက်နက် အိုးတလုံးထဲကို အပြင်ခွံခွာကာ ရေစင်အောင်ဆေးပြီး အနေတော် တုံးထားသော ဖရဲခွံများ ပုဇွန် ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင် ငံပြာရည် ဆား ဆီ အရသာမှုန့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အားလုံးကို သမအောင် ရောပြီးနယ်ပေးပါ။
  • အားလုံးနယ်ပြီးပါက ရေ လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးစာလောက်ထည့်ပြီး ဟင်းအိုးကို တည်ပေးပါ။
  • ဟင်းအိုး ပွက်ပွက်ဆူလာပါက အိုးမကပ်စေရန် အိုးကို လှုပ်ပေးပါ။
  • ဟင်းရည်ဆူပြီး ၅မိနစ်လောက်နေရင် ရေကိုထည့်ပြီး ဆူအောင်တည်ပေးပါ။
  • ရေပွက်ပွက်ဆူပြီး ၅မိနစ်လောက်နေရင် မကျီးမှည့်အနှစ် ထည့်ပြီးမွှေပေးပါ။
  • နောက်ထပ်၂မိနစ်လောက် ဟင်းရည် ဆူပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ငရုတ်သီး ဆားထောင်းမွှေးမွှေးလေးနဲ့ တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။




No comments:

Post a Comment