Thursday 7 May 2015

ခရမ်းကစော့သီး ပုဇွန်ခြောက်ထောင်း ငပိရည်ဖျော်












မြန်မာမိသားစု အများစုရဲ့ အိမ်တအိမ်ရဲ့ ထမင်းဝိုင်းလေးမှာ ဟင်းတွေ ဘယ်လောက်ကောင်းကောင်း  ငပိရည်လေး တမယ်တော့ ပါတတ်ကြပါတယ် အဲဒီလိုပါဘဲ ငပိရည်ကို ဖျော်နည်းမျိုးစုံနဲ့ ဖျော်တတ်ကြပြီး နှစ်သက်သလို ပြင်ဆင်တတ်တာကလဲ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာဓလေ့လေးပါ။

မာမာဆို နိုင်ငံရပ်ခြားမှာ ရောက်နေပေမဲ့ အိမ်ကထမင်းဝိုင်းလေးမှာ ငပိရည်ဖျော်လေး တမယ်တော့ ပါအောင် အမြဲတမ်း ဖျော်ဖြစ်ခဲ့ပါတယ်။

ဒီနေ့လည်း အိမ်က ခရမ်းကစော့ပင်ရဲ့အသီးနဲ့ ငရုတ်သီး တွေ ဆင်းခူးပြီး ထုထောင်းကာ ငပိရည်ဖျော်တမယ် ပြင်ဆင်လိုက်ပါတယ်။

အရသာကတော့ လက်တွေ့ လုပ်စားသူများ ပိုပြီးသိမှာမို့ မာမာဖျော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးငပိရည်ကျို - ၅ကျပ်သား
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ရေ - လက်ဖက်ရည် အကြမ်းပန်းကန် ၂လုံးသာသာ
  5. ငရုတ်သီးအစိမ်းတောင့် - ၁၅တောင့်
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  7. ပုဇွန်ခြောက်အကောင်ကြီးကြီး - ၁၅ကောင်ခန့်
  8. ခရမ်းကစော့သီး - အလုံး ၃၀ခန့်

ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးထဲမှာ ငါးငပိကို ဆား နနွင်း ရေတို့ထည့်ပြီး ဆူအောင်တည်ပေးပါ။
  • ၃မိနစ်လောက် ဆူပြီးပါက အရိုးစစ်ပြီး အိုးတလုံးထဲ ပြန်ထည့်ပေးထားပါ။
  • ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ဒယ်အိုးတလုံးထဲ ထည့်ပြီး မွှေးလာအောင် လှော်ကာ မညက်တညက် ထောင်းပေးပါ။
  • ပုဇွန်ခြောက်ကိုလဲ  ညက်နေအောင် ထောင်းပေးပါ။
  • ခရမ်းကစော့သီးကို ရေစင်အောင်ဆေးပြီး မီးအနည်းအုံးပေးကာ ငရုတ်ဆုံထဲထည့်ပြီး မညက်တညက် ထောင်းပေးပါ။
  • အားလုံးအဆင်သင့်ဖြစ်ပါက ကျိုထားသော ငပိရည်အိုးထဲသို့ ထောင်းထားသော ပစ္စည်းများအားလုံးကို ထည့်ပြီး ၃မိလောက် ပြန်ကျိုပေးပါ။
  • အရသာရှိသော ခရမ်းကစော့သီး ငပိရည်အဖျော်လေးကို တို့စရာ အစုံအလင်နှင့် တွဲဖက်ကာ သုံးဆောင်ရန် အဆင်သင့် ဖြစ်ပါပြီ။

5 comments:

  1. သိပ်ကောင်း သိပ်ကြိုက်

    ReplyDelete
    Replies
    1. အကြိုက်ချင်းတူကြတယ်နော် ညီမလေးရေ :-D

      Delete
  2. ခရမ်းကစော့သီးကိုလွမ်းနေတာမမာရယ်။
    မမာအပင်လေးပါတင်လေ..ဒီကပူဆာတတ်မှန်းသိရက်နဲ့ ..ဟီး..ဟီး
    မမာကသဘောကောင်းလို့ ပါနော်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. တင်ပေးလိုက်ပြီနော် အိုအိုရာရေ
      ခရမ်းကစော့ပင်ရော ငရုတ်ပင်ပါ သဘောကောင်းစွာနဲ့ တင်ပေးလိုက်ပါပြီလို့. :-D

      Delete
  3. မမာကသိပ်သဘောကောင်း။
    အပင်လေးတွေအိမ်ချင်းနီးရင်ခဏခဏလာကြည့်နေမှာ။
    ခရမ်းကစော့ပင်ကလည်းသန်လိုက်တာနော်။
    ငရုတ်ပင်ကလည်းအားရစရာ
    ငရုတ်ပင်ဘေးမှာလည်း ခ၀ဲလိုလို သခွားလိုလို ဖရဲလိုလို ဘာလိုလို ညာလိုလို နွယ်ပင်တစ်မျိုးတွေ့ နေရသေးတယ်နော်။
    မမာစားတဲ့အခါကျအဲဒီအပင်ဘာလည်းသိရတော့မှာပေါ့။
    ကျေးဇူးမမာရေ။
    ကြည့်ချင်လို့ ထပ်ကိုလာလည်တာနော်။
    အိမ်ရှင်ကသဘောကောင်းတော့ထပ်ထပ်လာချင်တာပေါ့။
    အိုင်အိုရာ
    မမာတင်စရာအပင်လေးတွေအများကြီးနော်။

    ReplyDelete