Saturday 9 May 2015

ငှက်ပျောပေါင်း







တစ်ခါတစ်လေကျ  အသက်အရွယ်ကြောင့် သတိတွေ မေ့တတ်လာခဲ့ပါပြီ ဆိုတာကို ၀န်ခံပရစေ ဘာနဲ့သက်သေပြမလဲလို့ မေးလာရင် အခုငှက်ပျောပေါင်းလေးနဲ့ သက်သေပြချင်ပါတယ်ရှင်။

မာမာမနေ့က ဈေးကိုသွားပါတယ် တစ်ပါတ်စာ ၀ယ်သမျှ ပစ္စည်းအကုန်လုံး ဈေးဝယ်အိတ်တွေ ဆိုင်ကထည့်ပေးလိုက်တဲ့အတိုင်း ကားထဲထည့်ပြီး ပြန်လာခဲ့ပါတယ်။

အိမ်ရောက်တော့ ပစ္စည်းတွေအကုန် အိမ်ပေါ်သည်ပြီး အရေးကြီးတဲ့ အသားငါးတွေ အရင်ထုတ်ပြီး တစ်ခါချက်စာ အထုတ်တွေ ပြင်ဆင်ပြီး ရေခဲသေတ္တာထဲ ထည့်ပြီးသိမ်းလိုက်ပါတယ် ညနေစောင်းတော့မှ ကျန်တာတွေဆက်လုပ်ကာ အသီးအရွက်တွေ သိမ်းမယ်ဆိုပြီး စိတ်ကူးလိုက်ပေမဲ့ အဆိုင်းမင့်လုပ်နေတဲ့ သမီးဆီကို အာရုံကရောက်သွားပြီး အရာရာ အားလုံးကို အကုန်လုံးကို မေ့သွားပါတော့တယ်။

ည၁၁နာရီ၄၅မိနစ်မှာ တင်ရမဲ့ အဆိုင်းမင့်အတွက် သူပျာယာခတ်နေလေ ဆေးပညာနဲ့ ပါတ်သက်တဲ့ စာဆို ဘာတစ်လုံးမှ မကူနိုင်တဲ့ ကျမ အိမ်သာထဲ ၀င်လိုက်ထွက်လိုက် လုပ်နေရုံကလွဲပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေခဲ့ပါတယ်။

သူ့ကို စာကူပေးနိုင်မဲ့ အဖေကလဲ ၂ညအိပ်ခရီးက ထွက်သွားချိန်ဆိုတော့ အဆိုင်းမင့် တင်ရမဲ့နာရီ မိနစ်ပိုင်းအချိန်ဘဲ လိုနေချိန်ထိ ဘုရားစာ ထိုင်ရွတ်ပေးနေရုံမှ မှတစ်ပါး အခြားမရှိခဲ့ဘူးပေါ့ရှင်။

သူလဲအဆိုင်းမင့် တင်ပြီးချိန် မာမာလဲ အရုပ်ကြိုးပြတ် ဖြစ်ခဲ့ရပြီး အသီးအရွက်တွေ မသိမ်းနိုင်တော့ဘဲ အိပ်ယာဝင်ခဲ့ ရပါတော့တယ် မနက်အိပ်ယာကနိုးချိန် အသီးအရွက်တွေ သတိယလို့ ထုတ်ကြည့်လိုက်တော့ ပန်းဂေါ်ဖီ ဘရိုကိုလီ ဂေါ်ဖီထုတ်တွေရဲ့အောက်မှာ ပြားပြားပိနေတဲ့ မာမာ့ရဲ့ ၅ကီလို အလေးချိန်ရှိသော ငှက်ပျောသီးထုတ်ကြီးမှာ တစ်ချို့က ကောင်းပေမဲ့ တစ်ချို့က အရည်တွေထွက် ပျော့ပိပျဲလို့နေပါတော့တယ်။

ကဲ သတိမေ့တတ်ခြင်းက မာမာ့ကို အလုပ်တွေ ပိုသွားစေခဲ့ပါတယ် ဒီတော့လဲ အဲဒီငှက်ပျောသီးတွေ မာမာကြံရင် ဘာခံနိုင်မလဲ ကော်ပြန့်ဖက်နဲ့ထုတ်ပြီး ကြော်တန်တာကြော် အုန်းနို့နဲ့ပေါင်းတန်တာပေါင်း အလုံးလိုက်ကို ဆီနဲ့ ကြော်တန်တာ ကြော်ပလိုက် ရပါတော့တယ်။

အခုတော့ လွယ်ကူမြန်ဆန် အုန်းနို့နဲ့ပေါင်းနည်းလးကို မျှဝေပေးလိုက်ပါတယ် တစ်ကယ်တော့ ငှက်ပျောပေါင်းက ပေါင်းနည်းတွေ အများကြီးဘဲ ရှိပါတယ် အခုကတော့ မြန်မာနိုင်ငံမှာလို ကင်ပွန်းချဉ်ရွက်ကလဲ ရှားတော့ကာ ရိုးရိုးရေနဲ့ဘဲ ပြုပ်ပြီး ပေါင်းလိုက်ပါတယ် သီးမွှေးငှက်ပျောသီး ဖြစ်တဲ့အတွက်လဲ အဖန်ဓါတ် မရှိတဲ့အတွက် ကင်ပွန်းချဉ်ရွက် ထည့်ပြုပ်စရာ မလိုပါဘူးရှင်။

ပါဝင်ပစ္စည်းများ
  1. သီးမွှေးငှက်ပျောသီး - ခွန်နှစ်လုံး
  2. အုန်းနို့ - 270 ml ( ready made ဗူးကို သုံးထားပါတယ်)
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ 
  • ငှက်ပျောသီးကို အခွံမခွာဘဲ ရေမြုပ်ရုံထည့်ပြီး သုံးမိနစ်လောက်ပြုပ်ကာ အခွံခွာထားပါ
  • အုန်းနို့နှင့် ဆားကို အိုးတစ်လုံးထဲထည့်ပြီး ခပ်ပြစ်ပြစ်လေး ရလာအောင် ကျိုပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားသော ငှက်ပျောသီးကို အုန်းနို့အိုးထဲ ထည့်ကာ သုံးမိနစ်လောက် ဆက်ကျိုပေးပါ
  • အုန်းနို့နဲ့ငှက်ပျောသီး အနံ့လေး မွှေးလာပြီဆိုရင် ငှက်ပျောပေါင်းလေး ရပါပြီ
  • သကြား လုံးဝထည့်စရာ မလိုဘဲ အချိုအအီ အရသာ ပြည့်စုံစေတဲ့ အုန်းနို့ငှက်ပျောပေါင်းလေးကို စားသုံးရန် ပြင်ပေးနိုင်ပြီ။

No comments:

Post a Comment