Tuesday 2 June 2015

ငါးခူကြော်နှပ် မွှေးမွှေးလေး





ဒီနေ့တော့ ငါးခူကိုကြော်ပီး ကြက်သွန်နီကြော်နဲ့ ပြန်နှပ်ထားပါတယ် ငါးဆီပြန် ငါးအစိုဟင်းတွေ မစားချင်သူတွေအတွက် ငါးအညှီနံ့ကင်းပြီး မွမွရွရွလေးနဲ့ စားကောင်းစေမဲ့ ငါးကြော်နှပ်လေးပါ။

ငါးခူကို ဆီပြန်ဟင်း ချက်မယ်ဆိုရင် ခပ်ပါးပါးလေးတွေ လှီးပြီးမှ ချက်ပေးပြီး ကြော်မယ်ဆိုရင်တော့ ခပ်ထူထူလေး တုံးတာတို့ အကောင်လိုက် ကြော်ရင်တို့ ရပါတယ်။

ငါးခူကြော်ရင် သတိထားရမှာကတော့ အရည်ခွံက ဆီပေါက်ခြင်းပါဘဲ ဒါကြောင့်မို့လို့ ငါးကို အရည်ခွံ ဆီမပေါက်အောင်ရယ် အရသာ ဝင်အောင်ရယ် မွှန်းပေးဖို့ပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေေးလိုက်ပါတယ်ရှင်။             

ပါဝင်ပစ္စည်းများ

  1. ငါးခူ - 500 g
  2. ကြက်သွန်နီ - အနေတော် ၃လုံး
  3. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  7. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ငါးခူကို ဆား နနွင်း မကျီးမှည့်တို့နဲ့ နယ်ကာ ရေစင်အောင် သေချာဆေးပါ
  • ရေဆေးပြီးတာနဲ့ လက်နှစ်လုံးလောက် အထူလေးတွေ လှီးပေးပါ
  • ပြီးတာနဲ့ ငါးကို ဆား နနွင်း အရသာမှုန့်တို့နဲ့ နယ်ပေးထားပြီး ၁၀မိနစ်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေစင်အောင်ဆေးကာ ပါးပါးလှီးထားပါ
  • အောက်ခြေမကပ်ဘဲ ဇောက်နက်သော အိုးကို အပူပေးကာ ဆီကို ထည့်ပေးပါ
  • ဆီပူလာပါက အရသာ နယ်ထားသော ငါးကိုထည့်ပြီး အဖုံးအုပ်ထားပေးပါ
  • အိုးအဖုံး မအုပ်ပါက ငါးအရည်ခွံမှ ဆီပေါက်ထွက်ပြီး လူကိုစင်နိုင်ပါတယ်
  • ဆီသံ နည်းနည်းငြိမ်သွားပါက အိုးအဖုံးဖွင့်ပြီး နောက်တဖက်ကို လှန်ပေးကာ အိုးအဖုံးအုပ်ပြီး ဆက်ကြော်ပါ
  • နှစ်ဖက်လုံး ကျက်လာပါက အိုးထဲမှ ဆယ်ထားပေးပါ
  • ငါးကြော်သော ဆီထဲမှာဘဲ ကြက်သွန်နီကို ကြွတ်သွားအောင်ကြော်ပြီး ဆယ်ပြီးဆီစစ်ကာ ငါးခူကြော်နှင့် ရောပေးပါ
  • နှစ်ခုလုံး ရောပေးပြီး သွားပြီဆိုရင်တော့ မွှေးပျံ့နေတဲ့ ငါးခူကြော်နှပ်လေးကို ထမင်းပူပူလေးနှင့် သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

2 comments:

  1. ငါးခူကြော်နှပ်မွှေးမွှေးလေး ငါးကျည်းကြပ်တိုက်ချဉ်စပ်ဟင်း ကြက်ဟင်းခါးသီး ယိုးဒယားသင်္ဘောသီးထောင်းစပ်စပ်လေး အားလုံးတစ်ပြိုင်တည်း အားပေးသွားတယ် မာမာရေ။ မနေ့က ကွန်မန့်မရေးဖြစ်လိုက်လို့ အခုမှပေါင်းရေးလိုက်တယ်နော် :)

    ReplyDelete
  2. ကျေးဇူးအများကြီး တင်ပါတယ် တီတင့်ရေ

    ReplyDelete