Tuesday 9 June 2015

ငရုတ်ကောင်း ငါးခူဆီပြန် မွှေးမွှေးလေး




ငါးခူဟင်းချက်တိုင်း အမေ့လက်ရာကို မှီပါ့မလားဆိုတဲ့ အတွေးက အမြဲတမ်းရှိခဲ့ပါတယ် ငါးခူချက်တိုင်း အမေချက်သလို ချက်တဲ့အတွက် အမေ့နီးပါး ကောင်းနေတဲ့အတွက် အမြဲတမ်းလဲ ကျေးဇူးတွေ တင်နေမိခဲ့ပါတယ်။

တော်ရုံတန်ရုံဆို  ငါးဟင်းကို အိမ်ကချက်တာ မဟုတ်ရင် စားခဲပါတယ် အိမ်မှာချက်ရင်လဲ ပြီးစလွယ် ဟင်းဖြစ်ရင်ပြီးရော ချက်ခဲတော့ ငါးချက်တိုင်း အချိန်တော့ ပိုပေးရပါတယ်။

ငါးခူဟင်းချက်ရင် သတိထားရတာက  ငါးကို အညှိလုံးထုတ်ပြီး ခပ်ပါးပါး လှီးရတာပါဘဲ အညှိလုံး မထုတ်မိရင် ဟင်းက ညှီနံ့ပြင်းသလို ခပ်ထူထူလှီးရင်လဲ ဟင်းချက်ပြီးတဲ့အခါ အသားက ဖုံပွပွကြီး ဖြစ်နေတတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးခူ - 1000 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ငရုတ်ကောင်း - အစေ့ ၂၀ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း 
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (ငါးအရသာ နယ်ရန်)
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးနယ်ဆေးရန်)
  9. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် နှစ်လုံးစာ (တစ်လုံးစာကို ငါးနယ်ဆေးရန် ကျန်တစ်လုံးစာကို ဟင်းချက်ရန်)
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးအရသာနယ်ရန်)
  12. ဆားကြမ်း ( ထမင်းစားဇွန်း နှစ်ဇွန်း ငါးနယ်ဆေးရန်)
  13. ဆီ - ထမင်းစားဇွန်း ၇ဇွန်း

ပြင်ဆင်ပုံ
  • အရင်ဆုံး ငါးခူကို ဆူးတောင်ခုတ်ပြီး ဆား နနွင်းထည့်ပြီး အကောင်လိုက် ပွတ်တိုက်ပြီး ရေဆေးပါ
  • နောက်တဆင့် မကျီးသီးအမှည့်ထည့်ပြီး ငါးကို အညှိများ ထွက်လာအောင် နယ်ပြီး ရေဆေးပေးပါ
  • ပြီးတာနဲ့ ခေါင်းနှင့်ဆူးတောင်ကြားမှ အသားနေရာကို ဓါးနှင့်မွှန်းပြီး အသားထဲမှ အညှိလုံး နီညိုရောင်ကို ညှစ်ထုတ်ပေးပါ 
  • ဆူးတောင်နှစ်၂ဖက်လုံးမှ အညှိလုံးကို ထုတ်ပေးပါ
  • အားလုံးပြီးလျှင် ငါးကို ခပ်ပါးပါး ခပ်ရွှေရွှေ စောင်းစောင်းလေးတွေလှီးပြီး ရေစင်အောင် ထပ်ဆေးပေးပါ
  • ရေဆေးပြီးပါက ငံပြာရည် နနွင်းမှုန့် ဆားနှင့် အရသာမှုန့်တို့နဲ့ အရသာနယ်ပြီး ၁၀မိနစ်လောက် နှပ်ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  • ကြက်သွန်နီးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီးမှုန့်ကို အဆင်သင့် ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေထည့်ကာ ရေတစ်နာရီလောက် စိမ်ထားပါ
  • ငရုတ်ကောင်းကို အနည်းငယ် လှော်ပေးပြီး မညက်တစ်ညက် ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် ဒယ်အိုးထဲမှာ ဆီထည့်ပြီ မီးအပူပေးပါ 
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်ကောင်းမှုန့် ငရုတ်သီးမှုန့်တို့ကို ထည့်ကြော်ပါ
  • ငရုတ်သီး အနံ့မွှေးလာပါက ငါးကိုထည့်ပြီး လေးငါးချက်လောက် မွှေပေးပါ 
  • ပြီးတာနဲ့ ငါးအသားများ မာပြီး အရောင်ပြောင်းလာတဲ့ထိ အိုးကိုလှုပ်လှုပ်ပေးပြီး ဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် အသားများ ကြေမသွားစေရန် မမွှေတော့ဘဲ အိုးကို ကိုင်ပြီးလှုပ်ပေးပါ
  • ငါးအသား မာလာပါက ရေမြုပ်အောင်ထည့် ငံပြာရည်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီး ရေအနည်းငံ ခမ်းလာပါက မကျည်းမှည့်အနှစ်ထည့်ပြီး ဆီပြန်အောင် တည်ပေးပါ
  • ဆီပြန်ကာနီး အိုးကို လှုပ်လှုပ်ပေးကာ အောက်ခြေမကပ်အောင် သတိထားပြီး တည်ပေးပါ
  • ဆီပြန်လာပါက ငရုတ်ကောင်းနံ့ မွှေးမွှေးလေးနှင့် ငါးခူချဉ်ငံစပ် ဆီပြန်ဟင်းလေး ရပါပြီ။

3 comments:

  1. ပဲစိမ်းကြော်ကြွပ်ကြွပ်လေးနဲ့ ငါးခူဆီပြန်မွှေးမွှေးလေး အားပေးသွားတယ် မာမာရေ ...

    ReplyDelete
  2. ဟုတ်ကဲ့ပါရှင့် ကျေးဇူးတင်ပါတယ် တီတင့်ရေ

    ReplyDelete
  3. What is အညှိလုံး ? and Where is it?
    Thanks

    ReplyDelete