Monday 20 July 2015

ချဉ်ငံစပ် ကြမ်မဆိုင်ကြော်





ဒီနေ့တော့ ထမင်းမြိန်စေမဲ့ ကြမ်မဆိုင် ချဉ်ငံစပ်ဟင်းလေးနဲ့ မိတ်ဆက်ပေးပါမယ် ရာသီဥတုအပေါ် အကုန်ပုံချပြီး နကိုထဲက အစပ်ကြိုက်တဲ့ မာမာတစ်ယောက် ရာသီဥတု အေးလို့ အစပ်လေးတွေဘဲ ချက်ဖြစ်ခဲ့ပါတယ်။

ဒီနေ့တော့ ကြမ်မဆိုင်ကို ခပ်ကြမ်းကြမ်းလှီးပြီး ပန်းဂေါ်ဖီ မုံလာဥနီ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီး အကြမ်းဖတ်လေးတွေ အခြေခံပြီး စပ်စပ်လေး ကြော်ထားပါတယ် ထမင်းမြိန်ဆေးလေး ဆိုရင်လဲ မမှားဘူးပေါ့ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြမ်မဆိုင် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  2. ပန်းဂေါ်ဖီ - တရုတ်ဟင်းပြင် ပန်းကန် တစ်ဝက်သာသာ
  3. မုံလာဥနီ - တရုတ်ဟင်းပြင် ပန်းကန် တစ်ဝက်သာသာ
  4. ငရုတ်သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  7. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆီ - ထမင်းစားဇွှန်း လေးဇွန်း
  9. ဗနီကာ - ထမင်းစားဇွန်း တစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ကြမ်မဆိုင်ကို ခပ်ကြမ်းကြမ်း လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ရှစ်စိပ်စိပ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အနေတော် စိပ်ထားပါ
  • မုံလာဥနီကို ရေဆေးပြီး ပန်းပွင့်ပုံဖော်ပြီး လှီးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော် အခက်လေးများရအောင် လှီးထားပါ
  • ဆီ ပဲငံပြာရည်အကြည် ဗနီကာ အရသာမှုန့် ငရုတ်သီးမှုန့်တို့ကို ပြင်ထားပါ
ချက်ပြုပ်ပုံ
  • ဇောက်နက်ပြီး အောက်ခြေမကပ်သော အိုးတစ်လုံးကို အပူပေးပါ
  • အိုးပူလာတာနဲ့ ဆီထည့်ပြီး ကြက်သွန်နီကို မိနစ်ဝက်လောက် ကြော်လိုက်ပါ
  • ပြီးတာနဲ့ ငရုတ်သီးမှုန့်ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ မုံလာဥနီနှင့် ပန်းဂေါ်ဖီကို ထည့်ကာ ပဲငံပြာရည်အကြည် အရသာမှုန့်တို့ထည့်ပြီး မိနစ်ဝက်ခန့် ကြော်ပေးပါ
  • ပြီးတာနဲ့ ကြမ်မဆိုင်ကိုထည့်ပြီး ဗနီကာထည့်ကာ တစ်မိနစ်လောက် မွှေပေးပါ
  • အားလုံးပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလိုပြင်ပေးပါ
  • တစ်ခါတရံ ကြမ်မဆိုင်ရွက်များက ချဉ်ပြီး အငံပိုတတ်တဲ့အတွက်အငံအရသာကို လိုအပ်သလို ချင့်ချိန်ပြီး ထည့်ပေးပါ
  • အရသာ မြည်းပြီးပါက ကြက်သွန်ဖြူ  ထည့်မွှေကာချဉ်ငံစပ် ကြမ်မဆိုင်ဟင်းကို စားသုံးရန် ပြင်နိုင်ပါပြီ။

No comments:

Post a Comment