Thursday 20 August 2015

မန္တလေး ထိုးမုန့်



ဒီနေ့လုပ်စားဖြစ်တဲ့ မန္တလေး ထိုးမုန့်လေးပါ စားချင်လာပြီဆို ချက်ခြင်း ပြင်ဆင်ပြီး လုပ်တတ်တဲ့ စိတ်လေးက ကိုယ့်အတွက် ပါရမီဖြည့်ဖက်လေး ဖြစ်ခဲ့ရပါတယ်။

အရမ်းအရမ်းကို စားလို့ကောင်းလွန်းလို့ အားလပ်ရက်လေးမှာ လုပ်စားရလေအောင် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းမှုန့် - 200 g
  2. သကြားဖြူ - 50 g
  3. ဆီ - 50 g
  4. ထောပတ် - 200 g
  5. အုန်းနို့ - 200 ml 
  6. ရေ - 50 ml
  7. ဘိန်းစေ့ - လက်ဖက်ရည်ဇွန်း တ၀က်
  8. မြေပဲလှော် - အစေ့ ၂၀ခန့်
  9. အုန်းသီးဖတ် -  2 cups
  10. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး  (အုန်းသီးဖတ့်ကြော်ရန်)

ပြင်ဆင်ပုံ
  • မြေပဲလှော်ပြီးသားကို အခွံချွတ်ထားကာ ပါဝင်ပစ္စည်းများကို ပြင်ထားပေးပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ရေနှင့်အုန်းနို့ကိုထည့်ပြီး ပူတယ်ဆိုရုံလေး အပူပေးလိုက်ပါ
  • ပူလာတာနဲ့ကောက်ညှင်းမှုန့်ကို ထည့်ပေးပြီး သမသွားအောင် မွှေပေးပါ
  • နောက်ထပ် အိုးတလုံးထဲမှာ ဆီနှင့် ထောပတ်ကိုထည့်ပြီး ထောပတ်ပျော်သွားအောင် အပူပေးပါ 
  • ထောပတ် ပျော်လာတာနဲ့ ကောက်ညှင်းမှုန့်ကို အိုးထဲထည့်ပြီး မွှေပေးပါ
  • မွှေနေစဉ် အဆက်မပြတ် မွှေပေးပြီး သကြားကို ထည့်မွှေပေးပါ
  • လက်အားသန်သန်နှင့် ၁၀မိနစ်လောက်မွှေပေးပြီး မုန့်သားကြည်လာတာနဲ့ ဘိန်းစေ့နှင့် မြေပဲကို ထည့်မွှေပေးပါ
  • မုန့်သားကြည်လာပြီး ဘိန်းစေ့နှင့် မြေပဲတို့ သမသွားတာနဲ့ ထောပတ်ဆီများလဲ ပြန်ထွက်လာပါလိမ့်မယ်
  • ထောပါတ်ဆီများ ပြန်ထွက်လာတာနဲ့ မုန့်ထည့်မည့် ဗန်းတခုထဲ ပြောင်းထည့်ကာ အအေးခံထားပေးပါ
အုန်းသီးကြော်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးလိုက်ပါ 
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ အုန်းသီးဖတ်များကို ထည့်ကြော်ပေးပါ
  • အုန်းသီးဖတ်များ ကျွမ်းမသွားစေရန် ဆက်တိုက်မွှေပေးပါ
  • အုန်းသီးဖတ်များ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ဆီစစ်ပြီး အေးသွားတာနဲ့ အအေးခံထားသော ထိုးမုန့်အပေါ်မှာ ဖြူးပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment