Thursday 26 November 2015

ဆိတ်သား ဒံပေါက်




ဒီနေ့တော့ ဆိတ်သားနဲ့ ဒံပေါက် ချက်စားဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ် ဟင်းထဲကိုထည့်တဲ့ အစာတွေကတော့ အရင်တုံးက ကြက်သားဒံပေါက် ချက်သလိုဘဲ ထည့်ထားတဲ့ ပစ္စည်းများက အတူတူပါဘဲ။

ဆိတ်သားက ကြက်သားလို မနူးလွယ်တဲ့အတွက် ဟင်းကိုကျက်အောင် ချက်ပြီးမှ ထမင်းကိုထည့်ကာ ချက်ထားမို့ ချက်နည်းလေးတော့ မဆိုသလောက်လေး နည်းနည်းတော့ ကွာပါတယ်။

ပါဝင်ပစ္စည်းများ (ဒံပေါက် ၆ပွဲစာ )

ပါဝင်ပစ္စည်းများ (၆ပွဲစာအတွက်)
ကြက်သွန်နီကြော်ရန်

  1. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန်လုံး နှစ်လုံးစာ
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
  4. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  5. ဒယ်အိုးထဲမှာ ဆီထည့်ကာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကို ထည့်ပေးပါ
  6. ပြီးတာနဲ့ လှီးထားသော ကြက်သွန်နီကို ရွှေဝါရောင် သန်းလာအောင် ကြော်ပြီး ဆယ်ထားပါ
(ဆိတ်သားအရသာနယ်ရန် လိုအပ်သော ပစ္စည်းများ)
  1. ဆိတ်သား - တစ်ကီလို
  2. ကြက်သွန်နီကြော် - ထမင်းစားဇွန်း ၃ဇွန်းခန့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  4.  ချင်း - တစ်လက်မကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  5. ကရဝေးရွက် - ၄ရွက်
  6. ဖာလာစေ့ - ၄စေ့
  7. လေးညှင်း - ၄ပွင့်
  8. သစ်ဂျပိုးခေါက် - တစ်လက်မခွဲခန့် နှစ်ချောင်း
  9. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  10. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ကြိုက်လျှင်ထည့်ပါ)
  11. ဒိန်ချဉ် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ မောက်မောက်
  12. ဆီ - ထမင်းစားဇွန်း ၁၄ဇွန်းခန့်
  13. ငရုတ်သီး အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း သုံးဇွန်း
  14. အားလုံးကို ဇလုံတစ်လုံးထဲမှာထည့်ပြီး အရသာဝင်အောင် နယ်ပေးကာ cling wrap နှင့် လုံအောင်ပိတ်ပြီး ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ၁၂နာရီခန့် နှပ်ထားပေးပါ
  15. နောက်နေ့မနက်မှာ အရသာ နယ်ထားသော ဆိတ်သားကို အိုးတစ်လုံးထဲထည့်ပြီး ကျက်အောင် ချက်ထားပေးပါ
(ဒံပေါက်ထမင်း ၆ပွဲစာ ချက်ရန် လိုအပ်သော ပစ္စည်းများ)
  1. Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၆ဗူး
  2. ရေ - ၄လီတာ 
  3. ghee ထောပါတ် - ထမင်းစားဇွန်း ၂ဇွန်း
  4. ကရဝေးရွက် - ၄ရွက်
  5. ဖာလာစေ့ - ၄စေ့
  6. လေးညှင်း - ၆ပွင့်
  7. ငရုတ်ကောင်း - ၆စေ့
  8. ဆား - လက်ဖက်ရည်ဇွန်း ၆ဇွန်း

(ထမင်းချက်ရန် ပြင်ဆင်ပုံ)
  1. ဆန်ကို ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  2. ရေစိမ်ချိန် နာရီဝက် ပြည့်တာနဲ့ ရေစစ်ထားပြီး ထမင်းချက်ဖို့ စတင်ပြင်ဆင်ပေးပါ
  3. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေကိုဆူအောင်တည်ပြီး ဆား ghee ထောပတ် ကရဝေးရွက် ဖာလာစေ့ ငရုတ်ကောင်းစေ့တို့ထည့်ပြီး နှစ်မိနစ်လောက် ဆူအောင်ထားပါ
  4. ရေဆူချိန် နှစ်မိနစ်ပြည့်တာနဲ့ဆန်ထည့်ကာ မီးအားပြင်ပြင်းနဲ့ ဆူအောင် ဆက်တည်ပါ
  5. ဆန်တစ်ဝက်ကျက်ဖို့ ငါးမိနစ်လောက် တည်ပြီးတာနဲ့ အပေါက်စိတ်သော ဇကာထဲ သွန်ချပြီး ရေစစ်ထားပါ
(ဒံပေါက်ချက်ရန် ပါဝင်ပစ္စည်းများ)
  1. ရေစစ်ထားသော တစ်ဝက်ကျက်ထားသည့် ထမင်း
  2. ကျက်အောင် ချက်ထားသော ဆိတ်သား
  3. food coloring (Yellow) - လေးစက်ခန့်
  4. အရောင်ရေရောရန် ရေ - ထမင်းစားဇွန်း၎ဇွန်း
  5. နွားနို့ - ထမင်းစားဇွန်း ၄ဇွန်း 
  6. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  7. ထောပါတ်ခဲ - တစ်လက်မခန့်
(ပြင်ဆင်ပုံ)
  1. အောက်ခြေမကပ်ဘဲ အိုးအသားထူသော အိုးထဲမှာ ကျက်အောင် ချက်ထားသော ဆိတ်သားကို ဖြန့်ထည့်ပါ
  2. ပြီးလျှင် ထိုဟင်းပေါ်မှာ တစ်ဝက်ကျက်ထားသော ထမင်းကို အနည်းငယ်ချန်ကာ ဖြန့်ပြီးထည့်ပေးပါ 
  3. ထမင်းအပေါ်မှာ ဆီနှင့် နွားနို့ကို ဖြန့်ပြီး ထည့်ပေးပါ
  4. ကြက်သွန်ကြော် ထမင်းစားဇွန်း ၃ဇွန်းနှင့် စပျစ်သီးခြောက်ကို ဖြန့်ထည့်ပြီး ထိုအပေါ်မှာ ထမင်းအနည်းငယ် ဖြန့်ခင်းပေးပါ
  5. Food coloring ကို ရေ ထမင်းစားဇွန်း ၄ဇွန့်နှင့်ရောမွှေကာ ထမင်းပေါ်မှာ ဇွန်းနှင့်ခပ်ပြီး ဖြန့်လောင်းပေးပါ
  6. ထောပါတ်တုံးကို လေးတုံးရအောင် လှီးပေးကာ ထမင်းအပေါ်မှာ တင်ပေးပါ
  7. ပြီးတာနဲ့ အိုးကို လေလုံအောင် aluminum foil တစ်ထပ်ဖုံးပြီး အိုးအဖုံးကို ထပ်ဖုံးပေးပါ
  8. မီးအားပြင်းပြင်းနဲ့ အပူပေးထားသော ဒယ်ပြားပေါ်မှာ ထမင်းအိုးကိုတင်ပြီး ၅မိနစ်လောက် တည်ပေးပါ
  9. ၅မိနစ် ပြည့်တာနဲ့ မီးကို နံပါတ် ၂လောက်ထိလျှော့ပြီး နာရီဝက်လာက် ဆက်ပြီးနှပ်ထားပေးပါ
  10. ပြီးတာနဲ့ မီးပိတ်ပြီး မိနစ်၃၀လောက် မီးဖိုပေါ်မှာ ဆက်နှပ်ထားပြီးရင် ဆိတ်သားဒံပေါက်ထမင်း မွှေးမွှေးလေး ရပါပြီ။
  11. ဆိတ်သား ဒံပေါက်ထမင်းကို သံပုယိုသီးသနပ် ဂေါ်ဖီ မုံလာဥနီ ပူစီနံ ငရုတ်သီးစိမ်း ပဲနီလေးဟင်းချိုတို့နှင့် စားသုံးရန် ပြင်ဆင်ပေးနိုင်ပါပြီ။

No comments:

Post a Comment