Wednesday 25 May 2016

ပုဇွန် တာလပေါ့ဟင်း (တာတပေါ့)






နေ့စဉ်စားနေကျ အစာတွေ ပုံမှန်ချက်နေပေမဲ့ တနေ့တနေ့ ဘာချက်ရမလဲဆိုတဲ့ အိပ်ယာက နိုးလာထဲက အတွေးတွေက အိမ်ရှင်မတွေအတွက် ပုံမှန် အလုပ်တခုလို ဖြစ်နေတတ်ပါတယ်။

အဲဒီလို အတွေးတွေကို ဒီနေ့တော့ Thuzar ပြောတဲ့ တာလပေါ့ဟင်းလေး တမယ် ချက်နိုင်ခဲ့လို့ Thuzar ကို ကျေးဇူးတင်ပါတယ်။

တာလပေါ့လို့ ဆိုလိုက်တာနဲ့ ကရင်ပြည်နယ်ကို အရင်ဆုံး လွမ်းမိပါတယ် ဖားအံ ကော့ကရိတ် ကော့ဘိန်းဆေးရုံတွေမှာ နေခဲ့စဉ်က စားခဲ့ဖူးတဲ့ တာလပေါ့ဟင်းတွေကိုလဲ တမ်းတမိတာ အမှန်ပါ ကော့ကရိတ်နဲ့ဒေါနတောင် ဖားအံနဲ့ဇွဲကပင်တောင် ကော့ဘိန်းနဲ့ကော့ဘောက်ဆိုတာတွေက ရင်ထဲမှာ အမြဲတမ်း သတိရနေမိတဲ့ နေရာဒေသဖြစ်သလို ဒေသအစာတွေကလည်း စိတ်အစဉ်ကို အမြဲလွှမ်းမိုးစေတဲ့ အစာတွေပါ။

တချို့က တာလပေါ့လို့ခေါ်ကြသလို တချို့တော့ တာတပေါ့လို့ ခေါ်ကြပါတယ် အဆင်ပြေတဲ့အခါ မွန်တာလပေါ့ နာဂတာလပေါ့ ချက်နည်းလေးတွေပါ မျှဝေပေးပါမယ်။

တာလပေါ့ဟင်းက ကရင်လူမျိုးတို့ရဲ့ အလေးထားပြီး စားကြတဲ့ အစားအစာတမျိုးပါ ဒါပေမဲ့ ဒေသတခုနှင့်တခု တနေရာနဲ့တနေရာ ချက်နည်းလေးတွေတော့ အနည်းအများ ကွဲပြားတတ်ကြပါတယ်။

ချက်တဲ့ပစ္စည်း ထည့်တဲ့အသီးအရွက် အသားတွေကို နှစ်သက်သလို ထည့်ချက်ကြသလို တချို့က ဆန်ကိုလှော်ပြီးမှ ထောင်းထည့်ကြသလို တချို့က ဆန်စိမ်းကိုထောင်းပြီး ထည့်တတ်ကြပါတယ်။

သို့ပါသော်လည်း ချက်ပုံချက်နည်း အခြေခံတာတွေကတော့ ဆင်တူကြပါတယ် တာလပေါ့ဆိုတာနဲ့ အသီးအရွက်များများ ဟင်းရည်ခပ်ပျစ်ပျစ်က လူကိုစွဲဆောင်စေတဲ့ ဟင်းတမယ်ဆိုလဲ မမှားပါဘူး။

ဒီနေ့တော့ မာမာ့အိမ်မှာ အလွယ်တကူ ရှိနေတဲ့ အသီးအရွက်တွေနဲ့ ကရင်တာလပေါ့ကို အခြေခံပြီး ချက်ထားတဲ့ တာလပေါ့ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ် အမှားအယွင်း တစုံတရာ ပါခဲ့ရင်တော့ အကြံဥာဏ်များ ပေးခဲ့စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ၀ါးပိုးမျှစ်စိမ်း - တရုတ်ဟင်းပြင် ပန်းကန်အသေး တစ်လုံးစာ
  2. မျှစ်ပြုပ် - တရုတ်ဟင်းပြင် ပန်းကန်အသေး တစ်လုံးစာ (မထည့်လဲရ)
  3. ခရမ်းသီး - အနေတော် တစ်လုံး
  4. ပဲတောင့်ရှည် - ၃တောင့်
  5. ဆူးပုတ်ရွက် - အနည်းငယ်
  6. ပင်စိမ်းရွက် - အနည်းငယ်
  7. ရွှေဖရုံးသီး - အနေတော် ၂စိတ်
  8. စပါးလင် - ၃ချောင်း
  9. ချင်း - လက်တစ်ဆစ်ခန့်
  10. ခ၀ဲသီး - အနေတော် ၂တောင့်
  11. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  12. ဆန်လှော်မှုန့် - ထမင်းစားဇွန်း ၃ဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  14. ပုဇွန်ငါးပိ - ကွမ်းသီးလုံးလောက်
  15. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  16. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  17. ပုဇွန်ထုတ် - ၁၅ကောင်

ပြင်ဆင်ပုံ
  1. ၀ါးပိုးမျှစ်အစိမ်းကို သင့်သလိုလှီးပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  2. မျှစ်ပြုပ်ပြီးသားကို အဆင်သင့် ပြင်ထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး လေးစိတ်ကွဲ အဖတ်လေးများ ရအောင်လှီးထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ်လှီးထားပါ
  5. စပါးလင်၂ချောင်းကို ခပ်ရိတ်ရိတ်လှီးထားပါ
  6. ကျန်တချောင်းကို ထုထားပါ
  7. ချင်းကို ခပ်ရိတ်ရိတ် လှီးထားပါ
  8. ခ၀ဲသီးကို အခွံခွာပြီး အနေတော်လှီးကာ ရေဆေးထားပါ
  9. ရွှေဖရုံသီးကို အခွံခွာပြီး ရေဆေးထားပါ
  10. ပင်စိမ်းရွက်ကို ရေဆေးထားပါ
  11. ငရုတ်သီးစိမ်းကို အနေတော် လှီးပေးထားပါ
  12. ခရမ်းသီးကို လေးစိတ်စိတ်ပြီး ရေ၁၀မိနစ်လောက် စိမ်ထားပါ
  13. ပုဇွန်ငါးပိ ဆား အချိုမှုန့် ဆီတို့ကို ပြင်ထားပါ
  14. ပုဇွန်ငါးပိကို ရေအနည်းငယ်နှင့် အရည်ဖျော်ထားပါ
  15. ဆန်ကို ဒယ်အိုးတလုံးထဲမှာ ညိုရောင်သန်းလာတဲ့အထိ လှော်ပေးပါ
  16. ဆန်လှော်ကို ညက်နေအောင်ထောင်းပြီး ရေ တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံးစာနှင့် စိမ်ထားပါ
  17. ပုဇွန်ကို ရေဆေးပြီး အခွံမခွာဘဲ ခေါင်းဖြုတ်ကာ ကြောဖက်မှ အမည်းကြောင်းကို သွားကြားထိုးတုတ် အချွန်ဖြင့် ထိုးကလော်ပြီး ထုတ်ထားပါ
ဟင်းရည်ချက်ရန်
  1. ဇောက်နက်သော အိုးတလုံးမှာ ဆီကို အပူပေးပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်တို့ကို ထည့်ပြီး ဆီသတ်ပါ
  3. ကြက်သွန်များ နွမ်းတာနဲ့ပုဇွန်ထုတ် ဆူးပုတ်ရွက် ငရုတ်သီးစိမ်း ပင်စိမ်းရွက်တို့ ချန်ကာ ကျန်အသီးအရွက်များ ထည့်ပြီး ဆီသတ်ပါ
  4. အသီးအရွက်များ နွမ်းတာနဲ့ ဆား အချိုမှုန့် ပုဇွန်ငါးပိအရည်ဖျော်တို့ကို ထည့်မွှေကာ ရေမြုပ်အောင်ထည့်ပြီး ဆူပွက်အောင် တည်ပေးပါ
  5. ဟင်းရည်ဆူလာတာနဲ့ ပုဇွန်ထုတ်ကို ထည့်ကာ တမိနစ်လောက် တည်ပေးပါ
  6. ပြီးတာနဲ့ အရည်ဖျော်ထားသော ဆန်မှုန့်ကိုထည့်ကာ သမအောင်မွှေပါ
  7. ဆန်မှုန့်များ ပျစ်လာတာနဲ့ ရေကို လိုသလောက် အနေအထား ရအောင်ပြင်ပြီး ငရုတ်သီးစိမ်း ဆူးပုတ်နှင့် ပင်စိမ်းရွက်တို့အုပ်ကာ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပါ
  8. ပူစပ်ပူလောင် မွှေးပြီးချိုနေတဲ့ တာလပေါ့ဟင်း ရပါပြီ
မှတ်ချက်
  • ပုဇွန်အစား ခရုဖင်ချွန် ခရုမျက်ပြဲ ဂဏန်း အသား ငါးမျိုးစုံတို့နဲ့ အဆက်ပြေစွာ ချက်နိုင်ပါတယ်
  • အသီးအရွက်များကိုလဲ နှစ်သက်ရာ အသီးအရွက်တို့ကို အဆင်ပြေသလို ထည့်နိုင်ပါတယ်
  • တနေရာနှင့်တနေရာ ချက်ပြုပ်ပုံ မတူနိုင်တဲ့အတွက် အခြေခံ ပါဝင်ရမည့် ဆန်မှုန့် မျှစ်စိမ်း ပုဇွန်ငါးပိတို့ကို အခြေခံပြီး အဆင်ပြေသလို ချက်နိုင်ပါတယ်။

No comments:

Post a Comment