Thursday 26 May 2016

Sweet Potato Donuts












ဒီနေ့တော့ မုန့်ပဲသရည်စာ လုပ်လိုက်အုံးမယ်ဆိုပြီး စဉ်းစားနေရင်းက ကန်စွန်းဥတွေ ၀ယ်ထားတာ သတိရတာနဲ့ ကန်စွန်းဥဒိုးနတ်လေး လုပ်ဖြစ်သွားပါတယ်။

ဟင်းချက် မုန့်လုပ်နေရရင် ပျော်နေတတ်တဲ့ မာမာတယောက် ကန်ဇွန်းဥဒိုးနတ် ကဗျာတပုဒ် စပ်မိသွားလေတော့ စားကောင်းလွန်းတဲ့အတွက် ပြင်တင်ပုံလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းဥ - အခွံခွာပြီးသား 200g
  • White flour - 80g
  • ရေ - ထမင်းစားဇွန်း ၆ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • သကြား - 200g
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၄လုံး
ပြင်ဆင်ပုံ
  1. ကန်စွန်းဥကို အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း လှီးပေးပါ
  2. သကြား ဆား ဆီ ဂျုံမှုန့် တို့ကို ပြင်ထားပါ
  3. ဇောက်နက်သော အိုးအသေးတလုံးမှာ ရေကို ပွက်ပွက်ဆူအောင် တည်လိုက်ပါ
  4. ရေဆူတာနဲ့ လှီးထားသော ကန်စွန်းဥကို ထည့်ပြီးပြုပ်ပေးပါ
  5. ကန်စွန်းဥအပေါ် မူတည်ပြီး ပြုပ်ချိန် ၁၀မိနစ်မှ ၁၅မိနစ်အတွင်း ရှိနိုင်ပါတယ်
  6. ပြုပ်နေစဉ် ကန်စွန်းဥကို ခရင်းနှင့်ထိုးကြည့်ပါ
  7. ပျော့လာပြီဆိုရင်တော့ ရေသွန်ပြီး ပန်းကန်တခုထဲ ပြောင်းထည့်ပါ
  8. ကန်စွန်းဥကို ခရင်းဖင်ဖက်နှင့် ဖိဖိပြီး ချေပေးပါ
  9. ချေနေရင်း ကန်စွန်းဥများ အေးလာပြီး အသားများ ကျေလာတာနဲ့ ဆားနှင့် ဂျုံမှုန့်တ၀က်ကို ထည့်ပြီး ခရင်းနှင့် မွှေပါ
  10. အားလုံး သမသွားတာနဲ့ ကျန်နေသော ဂျုံမှုန့်ကို ထည့်မွှေပါ
  11. ဂျုံမှုန့်နှင့် ကန်စွန်းဥမုန့်သားရတာနဲ့ ထိုမုန့်သားကို စေးပိုင်လာအောင် လက်နဲ့ ၅မိနစ်လောက် နယ်ပေးပါ
  12. နယ်နေစဉ် မုန့်သားပျော့နေပါက ဂျုံမှုန့် နည်းနည်းထပ်ထည့်ပြီး မုန့်သားကိုင်လို့ရအောင် နယ်ပေးပါ
မုန့်သားကြော်ရန် ပြင်ဆင်ပုံ
  1. မျက်နှာပြင်ညီသော စားပွဲ သို့မဟုတ် သစ်သားပြားတခုပေါ်မှာ ဂျုံမှုန့် အနည်းငယ်ကို ဖြန့်ခင်းထားပါ
  2. မုန့်လုပ်ပြီး တင်ရန် ပန်းကန် သို့မဟုတ် သစ်သားပြား တခုကိုလဲ ဂျုံမှုန့်အနည်းငယ် ဖြူးထားပါ
  3. မုန့်ကြော်ပြီး တင်ရန် paper towel ကို ၃ထပ်ခေါက်ပြီး ပြင်ထားပါ
  4. မုန့်သားကို ထမင်းစားဇွန်း တဇွန်းသာသာယူပြီး လက်ဝါးထဲမှာထည့်ပြီး အရင်ဆုံး ဖိပေးပါ
  5. ပြီးမှ မုန့်သားအချောင်း ရှည်ရှည်လေးရအောင် လက်ဝါးနှစ်ဖက်ကြားမှာ ပွတ်ပေးပါ
  6. မုန့်သားရှည်ရှည်လေး ရတာနဲ့ ဂျုံမှုန့်ဖြူးထားသော သစ်သားပြားပေါ်တင်ကာ ၄ချက်လောက် လှိမ့်ပေးပါ
  7. ဂျုံမှုန့်ဖြူးထားသော အပေါ်မှာဘဲ ထိပ်နှစ်ဖက်ကို တေ့ပြီး ဖိ၍ဆက်ပေးပါ
  8. အ၀ိုင်းလေးရပြီဆိုတာနဲ့ နောက်ထပ်သစ်သားပြား တခုပေါ်ပြောင်းပြီး တင်ပေးထားပါ
  9. မုန့်သားကုန်တဲ့ထိ လက်ကိုဂျုံမှုန့်သုပ်လိုက် မုန့်ပုံစံဝင်အောင် မုန့်သားကုန်တဲ့ထိ လုပ်ပေးပါ
  10. ဆီကို ဒယ်အိုးတလုံးထဲထည့်ပြီး အပူပေးပါ
  11. ဆီပူလာတာနဲ့ မီးကိုအလယ်လောက်ထိလျှော့ပြီးမှ မုန့်သားများကို တခုခြင်းထည့်ကြော်ပါ
  12. တဖက်အရောင်ပြောင်းလာလျှင် နောက်တဖက်ကို လှန်ပေးပါ
  13. မုန့်သားများ အထဲထိကျက်စေရန် မကြာမကြာ လှန်ပေးပြီး မုန့်သားအားလုံး ရွှေအိုရောင် ပြောင်းလာပြီဆိုရင် ဆယ်ပြီး ဆီစစ်စက္ကူပေါ်တင်ပြီး စစ်ပေးထားပါ
သကြားရည်ကျိုရန်
  1. ဒယ်အိုးတလုံးထဲမှာ သကြားနှင့်ရေကိုထည့်ပြီး အပူပေးပါ
  2. သကြားများ အရည်ပျော်လာပါက အောက်ကိုမကပ်စေရန် အဆက်မပြတ်မွှေပေးပါ
  3. မွှေနေရင်း သကြားရည် ပျစ်လာပါက မီးကိုအလယ်လောက်သို့ လျှော့ပေးကာ ယောင်းမနှင့်သကြားရည်ကို ကလော်ပြီး အပေါ်ကိုမြှောက်ကာ အစက်ချကြည့်ပါ
  4. သကြားရည်များ ဖြေးလေးစွာ ကျလာပြီဆိုတာနဲ့ ကြော်ထားသော ဒိုးနတ်များကို ထည့်မွှေလိုက်ပါ
  5. မွှေနေစဉ် ဒိုးနတ်မှာ သကြားများခဲပြီး ကပ်လာပြီဆိုတာနဲ့ မီးပိတ်ပြီး ပန်းကန်ထဲပြောင်းထည့်ပါ
  6. ချိုပြီးစိမ့်မွှေးနေတဲ့ ကန်စွန်းဥဒိုးနတ်မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။


No comments:

Post a Comment