Thursday 16 June 2016

ကြက်သား သရက်သီး​ခြောက်​ဆီပြန်



အနှစ်များများ ချဉ်ဖြုံ့ဖြုံ့အရသာနဲ့ စားလို့အရမ်းကောင်းတဲ့ ကြက်သား သရက်သီးခြောက် အရသာမွှေးနေတဲ့ ကြက်သားဆီပြန် ဟင်းချက်နည်းလေး မျှဝေလိုက်ပါတယ်။

ကြက်သားအရသာနယ်ရန်

  • ကြက်ပေါင်သား - 500g 
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

ဟင်းချက်ရန် လိုသောပစ္စည်းများ

  1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  2. ကြက်သွန်ဖြူထောင်းရန် - အမွှာကြီးကြီး ၃မွှာ
  3. ကြက်သွန်နီ မညက်တညက်ထောင်းရန် - ခပ်ကြီးကြီး တဥ
  4. ချင်းထောင်းရန် - လက်တဆစ်ခန့်
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  6. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  7. သရက်သီးခြောက် - အနည်းငယ်
  8. လေးညှင်း - တပွင့်
  9. ဖာလာ - တစေ့
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • သရက်သီးခြောက်ကို ဟင်းမချက်ခင် တနာရီလောက်က ကြိုပြီးရေစိမ်ထားပါ
  • ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နီ ချင်း စပါးလင်ထောင်း ငရုတ်ကောင်းမှုန့် ဖာလာ လေးညှင်းနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ ရေစိမ်ထားသော သရက်သီးခြောက်နှင့် ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • သရက်သီးခြောက်များ နူးပြီးကျေလာအောင် တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက သရက်သီးချဉ်ဖြုံ့ဖြုံ့ အရသာနဲ့ မွှေးလွန်းတဲ့ ကြက်သားအချဉ်ဆီပြန်ကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment