Friday 1 July 2016

ကြက်အသည်း အမြစ်သုပ်



မိသားစု ထမင်းဝိုင်းလေးမှာ ချဉ်ငံစပ် အသုပ်လေး တစ်မယ်ပါရင် ထမင်းစားလို့ မြိန်တဲ့အတွက် အသုပ်တစ်မျိုးကို ကြံဖန်ပြီး သုပ်တတ်ပါတယ် ဒီနေ့တော့ လွယ်ကူမြန်ဆန် စားမြိန်ဖွယ်ရာ ကြက်အသည်းအမြစ် ချဉ်ငံစပ်တစ်မယ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ကြက်အမြစ်ဆေးနည်း

  1. ကြက်အမြစ် အထဲမှ အစာအိတ် မပေါက်အောင် ဓါးထက်ထက်နှင့် ခွဲပေးပါ
  2. ပြီးတာနဲ့ အစာအိတ်ကို ဖယ်ပေးလိုက်ပါ
  3. အစာအိတ် ဖယ်ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ ဆား ထမင်းစားဇွန်း တစ်ဇွန်း နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ကြက်အမြစ်များ ထည်ပေ့းကာ ခပ်နာနာ နယ်ပေးပါ
  4. ပထမ တစ်ကြိမ် နယ်ပြီးတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးပါ
  5. ရေဆေးပြီးသော ကြက်အမြစ်များရဲ့ အတွင်းဖက်အပိုင်းကို ဓါးဖြင့်စိတ်ရှည်ရှည် လိုက်ခြစ်ပေးပါ
  6. အယိအရွဲများ ထွက်လာအောင် ခြစ်ပေးပြီး ရေနှင့်တစ်ထပ် ဆေးချလိုက်ပါ
  7. နောက်တစ်ကြိမ် ဆား ထမင်းစားဇွန်း တစ်ဇွန်းနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ ထပ်ထည့်ပြီး ခပ်နာနာ နယ်ပေးပါ
  8. ပြီးတာနဲ့ ရေ ၅ထပ်လောက်နှင့် စင်အောင် ဆေးပေးပါ
  9. အားလုံး စင်အောင် ဆေးပြီးတော့မှ အမြစ်များကို လေးစိတ်စိတ်ကာ တစ်စိတ်ကို သုံးချက်လောက် လိုက်မွှန်းပေးပါ
  10. အနံ့ အသက် အယိအရွဲများ စင်ပါက မိမိနှစ်သက်သလို ချက်စား ပြုပ်စားရန် ပြင်ဆင်နိုင်ပါပြီ။

အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ

  1. ကြက်အသည်းအမြစ် - 500 g
  2. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်အသည်းနှင့် ကြက်အမြစ်ပြုပ်ရာမှာ တစ်ဝက်ဆီသုံးပါ)
  3. ချင်း - လက်တစ်ဆစ်ခန့် (ကြက်အသည်းပြုပ်ရန်)
  4. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်အသည်းနှင့် ကြက်အမြစ်ပြုပ်ရာမှာ တစ်ဝက်ဆီသုံးပါ)
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ဂေါ်ဖီ - တစ်စိတ်
  7. နံနံပင် - နှစ်သက်သလောက်
  8. သံပုရာသီး - တစ်ခြမ်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆီချက်ချက်ရန် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
  12. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး (ဆီချက်ချက်ရန်)
  13. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ ( ဆီချက်ချက်ရန် )
  14. ငရုတ်သီးအကျက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ

ကြက်အမြစ်ပြုပ်ရန်
  1. ကြက်အမြစ်များကို ခနောကြက်သားမှုန့်နှင့်နယ်၍ ချင်းကို ခပ်ပါးပါး လှီးပြီးထည့်ကာ အရသာဝင်အောင်နယ်၍ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  2. ရေခမ်းပါက အအေးခံထားပါ
ကြက်အသည်းပြုပ်ရန်

  1. ကြက်အသည်းများကို ရေစင်အောင်ဆေးကာ ရေစစ်ထားပေးပါ
  2. ချင်းကိုအခွံခွာပြီး မညက်တစ်ညက် ထောင်းပေးပါ
  3. အိုးတစ်လုံးထဲမှာ ရေစစ်ထားသော ကြက်အသည်းများ ဆား ခနောကြက်သားမှုန့်နှင့်နယ်၍ ချင်းထောင်းတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  4. ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ပြုပ်ပေးထားပါ
ကြက်သွန်နီ ဆီချက်ချက်ရန်
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်နီကို ထည့်မွှေပါ
  • ကြက်သွန်နီများ အ၀ါရောင် သန်းလာပြီး ကြွတ်လာတာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ထားပါ
  • ဆီချက်ကို အအေးခံ ထားပြီးမှ ကြက်သွန်နီကြော်နှင့် အအေးခံထားသော ကြက်သွန်ကြော်များကို ရောပေးပါ
ပြင်ဆင်ပုံ
  1. ကြက်အသည်းအမြစ်များကို ခပ်ပါးပါး လှီးထားပါ
  2. ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ
  3. ဂေါ်ဖီကို ပါးပါးလှီးပြီး ရေဆေးထားပါ
  4. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  5. သံပုရာသီးကို ရေဆေးကာ အစိတ်လေးတွေ လှီးထားပါ
  6. လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  7. ပြုပ်ထားသော ကြက်အမြစ်များကို အအေးခံထားပါ
  8. ဇလုံတစ်လုံးထဲမှာ ကြက်အသည်း အမြစ်များ ကြက်သွန် ဂေါ်ဖီ နံနံပင် ဆီချက် အချိုမှုန့် ငံပြာရည် ငရုတ်သီး အကျက်မှုန့် ပဲအကျက်မှုန့်တို့ကိုထည့်ကာ သံပုရာရည်ညှစ်ပြီး ကြက်အမြစ် ချဉ်ငံစပ်အသုပ်ကို ခပ်ဖွဖွနယ်ကာ အသုပ်ပွဲကို ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment