Sunday 17 July 2016

အုန်းသီးသကြား မုန့်ဖက်ထုတ်


















မိတ်ဆွေ မြန်မာလူမျိုး အိမ်တအိမ်မှာ ၀ါဆိုသင်္ကန်းကပ် အလှူရှိတယ်ဆိုတော့ မြန်မာပြည်ကို လွမ်းလိုက်တာ ပြောမနေပါနဲ့တော့။

ဝါ၀င်ခါနီတိုင်း ဆရာတော်တွေကို အိမ်မှာပင့်ပြီး ၀ါဆိုသင်္ကန်းလှူကြ အန္တရာယ်ကင်း ပရိတ်တွေရွတ်ကြနဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ အထွဠ်အမြတ်ထားပြီး လှူကြတဲ့ အလေ့အထ တခုဆိုတော့ ငယ်ငယ်ကထည်းက ရင်းနှီးနေပြီးသားမို့လို့ အခုလို အလှူရက်နဲ့ ကြုံလေတော့ မြန်မာပြည်ကို လွမ်းမိတာပေါ့ရှင်။

ဝါ၀င်ပြီဆိုတာနဲ့ ဥပုသ်ရက်တိုင်း ဘုရားကျောင်းကန် ဘုန်းတော်ကြီးကျောင်းတွေမှာ ဥပုသ်သီလယူရင်း မြန်မာမုန့်လေးတွေနဲ့ ဘုရားလဲ ဆွမ်းတော်ကပ် လာတဲ့သူတွေကိုလဲ အလှူဒါန လုပ်ကြတာ စိတ်ချမ်းမြေ့စရာပါဘဲ။

မနေ့ကတော့ အိမ်ကဘုရားလဲ ဆွမ်းတော်ကပ် အလှူလဲ လုပ်ရအောင် မုန့်ဖက်ထုတ်နဲ့ ကောက်ညှင်းထုတ် လုပ်ဖြစ်လို့ ဒီနေ့တော့ မုန့်ဖက်ထုတ် လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန်မှုန့် - ထမင်းပေါင်းအို ဆန်ချင်ဗူး ၄ဗူး
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးခွဲ
  3. Ready made အုန်းသီးမှုန့် အခြောက် - ၂၂၀ဂရမ်
  4. အုန်းသီးမှုန့်မရှိပါက အုန်းသီးအစို - တလုံးကို ခြစ်ပေးပါ
  5. သကြား - ထမင်းစားဇွန် ၅ဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပါ)
  6. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  7. ဆီ - အနည်းငယ်
  8. ငှက်ပျောဖက် သို့မဟုတ် ၀ါးရွက် - လိုသလောက်
  9. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး - ၂ဗူး သာသာ ( မုန့်သားစပ်ရန်)
  10. ရေ ထမင်းစားဇွန်း - လေးဇွန်း (အုန်းယိုထိုးရန်)

ပြင်ဆင်ပုံ
အသုံးပြုမည့်ဖက်များ ပြင်ဆင်ရန်
  • ငှက်ပျောရွက်ကိုသုံးလျှင် အနံ ၈လက်မ အလျှား ၁၀လက်မ လောက် ဖြတ်ထားပေးပြီး ဖက်ရွက်ပျော့သွားအောင် မီးနှင့်အရွက် မထိဘဲ ပူတယ်ဆိုရုံလေး ဖက်ပျော့သွားအောင် မီးအနည်းငယ် ကင်ပေးပါ
  • ၀ါးရွက်အစို သုံးပါက ရေဆေးပြီး ရေစင်အောင် သုတ်ပေးထားပါ
  • ၀ါးရွက်အခြောက်သုံးပါက ရေနွေးပူပူနှင့် တညသိပ် ရေစိမ်ထားပေးပါ
  • မုန့်ထုတ်ကာနီးပါက ရေစင်အောင် အ၀တ်စသန့်သန့်နှင့် သုတ်ထားပေးပါ
မုန့်သားစပ်ပုံ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်ကို ရေနည်းနည်းခြင်းထည့်ကာ မုန့်သားပျော့လာတဲ့အထိ နယ်ပေးပါ
  • အသုံးပြုသော ဆန်မှုန့် ကောက်ညှင်းမှုန့်များ မတူနိုင်တဲ့အတွက် ရေကို နည်းနည်းခြင်း ထည့်ပြီးမှ နယ်ပေးပြီး လိုတိုးပိုလျှော့ လုပ်ပေးပါ
  • မုန့်သား အနေတော် ရပြီဆိုတာနဲ့ အခန်းအပူချိန်အတိုင်း ခနနှပ်ထားပေးပါ
အုန်းယိုထိုးရန်
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေး၍ အုန်းသီးမှုန့် ဆား သကြားနှင့်ရေ ထမင်းစားဇွန်း လေးဇွန်းလောက်ထည့်ပြီး သကြားပျော်အောင် ဆက်တိုက်မွှေပြီး လှော်လိုက်ပါ
  • သကြားပျော်ပြီး အုန်းသီးအညိုရောင်လေး နည်းနည်းသန်းလာတာနဲ့ မီးပိတ်ပါ
  • အုန်းယို တော်တော်လေး နွေးနေပြီး အရမ်းမအေးခင်မှာ ကွမ်းသီးဆံ အလုံးလောက်လေးတွေ  လုံးပေးပါ
  • အေးသွားလျှင် သကြားများခဲပြီး လုံး၍မရတော့ပါ
  • ready made အုန်းသီးခြစ်ပြီးသား မရှိပါက အုန်းသီးတလုံးကို ခြစ်ပြီး အသုံးပြုနိုင်ပါတယ်
  • ပုံတွင်ပြထားသော အုန်းသီးမှုန့်တံဆိပ်မရှိပါက တခြားတံဆိပ်နှင့်လာသော အုန်းသီးမှုန့်ကို သုံးနိုင်ပါတယ်
မုန့်လုံးအစာသွပ်ပုံ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ မုန့်သားကို ကွမ်းသီးလုံးလောက် အနေတော်ဖဲ့ယူပြီး လုံးပေးပါ
  • တလုံးစာ ဖဲ့ထားသော မုန့်သားကို မုန့်သားညက်အောင် လက်နှင့်ဆုတ်ပေးပြီး အရင်ဆုံး ၁၀လုံးစာရအောင် လုံးပေးပါ
  • မုန့်အလုံးလေး ရပြီဆိုမှ မုန့်လုံးကို အလယ်အခွက်လေး ဖြစ်အောင် လက်မနှင့် ဖိပြီး ချိုင့်လေး လုပ်ပေးပါ
  • အချိုင့်လေး ရပြီဆိုမှ အုန်းယိုထည့်ပြီး မုန့်ဧ။်ဘေးသားကို အသာလေးယူပြီး လုံအောင် ပြန်ပိတ်ပြီး လက်နှစ်ဖက်ကြားထည့်၍ လုံးသွားအောင် လုံးပေးပါ
  • ထိုနည်းအတိုင်း မုန့်လုံး လုံးထားသော မုန့်သားကုန်အောင် အစာသွပ်ပေးပါ
ဖက်ထုတ်ပုံ
  • ရေစိမ်ပြီး ရေခြောက်အောင် သုတ်ထားသော ငှက်ပျောရွက် သို့မဟုတ် ၀ါးရွက်ကို ဆီနှင့်သုတ်ပေးပြီး ကတော့ပုံ ထိုးပေးပါ
  • ထိုအထဲမှာ လုံးထားသော မုန့်လုံးကိုထည့်ပြီး လုံအောင်ပိတ်ပေးကာ ပိုနေသောအစကို ကပ်ကြေးဖြင့် ညှပ်ပေးပါ
  • ထုတ်ပြီးတာနဲ့ ပေါင်းအိုးထဲမှာ မှောက်ရက်ပုံစံ စီပြီးထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေတ၀က်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီဆိုမှ ဖက်ထုတ်ထည့်ထားသော ပေါင်းအိုးကိုတင်ပြီး အဖုံးအုပ်ကာ တနာရီ ပေါင်းပေးပါ
  • တနာရီ ပြည့်တာနဲ့ အုန်းသီးသကြား မုန့်ဖက်ထုတ် ပူပူလေး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment