Tuesday 12 July 2016

ချဉ်ငံစပ် မျှစ်အစပ်ဟင်း





မျှစ်နုနုလေးတွေ တွေ့လေတိုင်း နာဂတောင်တန်းကို လွမ်းမိပါတယ် အေးလွန်းတဲ့ ရာသီဥတုကို အံတုနိုင်ဖို့ ပူပူစပ်စပ်လေးတွေကို စားကြရတာ သဘာဝပါဘဲ မျှစ်နုနုလေးတွေကို စပ်စပ်လေးဖြစ်အောင် နာဂအခေါ် ရွှေလံဘိုလို့ခေါ်တဲ့ ကုလားအော် ငရုတ်သီးအခြောက်မှုန့်နဲ့ ပူစပ်နေအောင်ချက်ပြီး ထမင်းပူပူလေးနဲ့ စားလေသတည်းပေါ့ရှင်။

မျှစ်အစိမ်း ရရင်တော့ မျှစ်ကိုနူးအောင် ပြုပ်ပေးပြီးမှ ချက်ကြပြီး ပြုပ်ပြီးသား ဆိုရင်တော့ တစ်ခါထည်း တန်းပြီးချက်ရုံပါဘဲ မာမာကတော့ ready made အထုတ်လေးဝယ်ပြီး ဆယ်မိနစ်လောက် ထပ်ပြုပ်ပြီးမှ ချက်လိုက်ပါတယ် ရွှေလံဘိုငရုတ်သီးမှုန့်အစား ရိုးရိုးငရုတ်သီးမှုန့်နဲ့ဘဲ ချက်ထားပါတယ်။

တကယ်တမ်းကျတော့ မျှစ်ကို အခုလိုခြစ်ပြီး ဟင်းချက်ထားတာ စားတဲ့အခါမှာ တော်တော်လေး ရုပ်ပျက်ပါတယ် အချောင်းလိုက်ဆိုတော့ ဖဲ့ရတာ ခက်ပါတယ် စုစုစည်းစည်းလေး ဖြစ်အောင်သာ အခုလို ချက်လိုက်ရပေမဲ့ စားပွဲပြင်တဲ့ အခါမှာတော့ ပန်းကန်ပြားထဲမှာဘဲ ယူလို့ကောင်းရုံ အနေတော် ကပ်ကြေးဖြင့် ဖြတ်ပေးပါ ။

ပါဝင်ပစ္စည်းများ

  1. မျှစ်နုအဖျားပိုင်း - ငါး ချောင်း
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ကြက်သွန်ဖြူ -အမွှာကြီးကြီး နှစ်မွှာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ပုဇွန်ငါးပိ  -  လက်ဘက်ရည်ဇွန်း တစ်ဝက်
  7. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုပ်သီးစိမ်း - စားနိုင်သလောက် 
  10. ငရုတ်သီး အရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ
  • မျှစ်ကို အချောင်းလိုက် ရေဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ မျှစ်ချောင်းများကို ရေမြုပ်အောင်ထည့်ပြီး ရေပွက်ပွက်ဆူအောင် ၁၀မိနစ်လောက်တည်ပြီး ရေကိုသွန်ပလိုက်ပါ
  • မျှစ်အစိမ်း ဆိုရင်တော့ မျှစ်နူးတဲ့အထိ ပြုပ်ပေးပါ
  • မျှစ်များ ပြတ်မထွက်သွားအောင် ထိတ်၂ ဘက်ကို အနည်းငယ်စီချန်ပီး အလယ်သားများကို ခက်ရင်းဖြင့် ခြစ်ပေးပါ
  • အရင်းပိုင်း ရင့်နေသော နေရာကို နည်းနည်း လှီးပလိုက်ပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ပြီး ထားပါ
  • ပုဇွန်ငါးပိကို ရေအနည်းငယ်နဲ့ ဖျော်ထားပါ
  • မန်ကျည်းသီးမှည့်အနှစ်ကို ပြင်ထားပါ
  • ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့နနွင်းမှုန့်ထည့်၍ ကြက်သွန်ဖြူနှင့် ငရုတ်သီးလုံးခြမ်းခွဲကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ ငံပြာရည် မျှစ်နှင့်ဆား အရသာမှုန့်တို့ကို ထည့်မွှေပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ထားပါ
  • အိုးမကပ်စေရန်နှင့် အရသာဝင်စေရန် မကြာမကြာ အိုးကိုလှုပ်ပြီး မွှေပေးပါ
  • ရေမခမ်းခင် မကျည်းသီးမှည့်အနှစ်နှင့် ငရုတ်သီးစိမ်းထည့်ပြီး တစ်ချက်နှစ်ချက် အိုးကိုလှုပ်၍ အဖုံးပြန်အုပ်ထားပါ
  • ဆီပြန်လာပြီဆိုတာနဲ့ ချဉ်ပြီးငံစပ်နေတဲ့ မျှစ်အစပ်မွှေးမွှေးလေးကို ရပါပြီ။

No comments:

Post a Comment