Thursday 14 July 2016

နှမ်းမဲ ငါးဆုတ်ကြော်



ထုံးစံအတိုင်း မာမာ့ဖေးဖရိတ် ဘာဆာငါးကို ဒီတခါတော့ နှမ်းမဲ soy sauce ကော်မှုန့် တခြားအမွှေးနံ့သာတွေနဲ့ ငါးဖယ်လိုဘဲ မာပြီးအသား အထပ်လိုက်ရအောင်  စားလို့ကောင်းအောင် ဗလင်ဒါထဲ ထည့်ကြိတ်ပြီး ဘာဆာနှမ်းမဲ ငါးဆုတ်ကြော်လေး ကြော်လိုက်ပြန်ပါတယ်။

မြန်မာပြည်မှာဆိုရင်တော့ ငါးဖယ်ခြစ် ငါးချင်းခြစ် ငါးမြစ်ချင်းခြစ်တို့နဲ့ အခုလို ပြင်ဆင်ပြီး ကြော်စားနိုင်ပါတယ် ဗလင်ဒါနဲ့မကြိတ်ဘဲ ပေါက်မယ် ထောင်းမယ်ဆိုရင်တော့ ရေမထည့်ဘဲ ကျတ်တဲ့ပါဝင်ပစ္စည်း အကုန်ထည့်ကာအနည်းဆုံး အချက် ၃၀၀လောက်ပေါက်ရ ထောင်းရပါမယ်။

ဗလင်ဒါထဲ ထည့်ပြီးကြိတ်မယ် ဆိုရင်တော့ တမိနစ်ကြိတ် တခါနားပြီး ၁၀ခါလောက် ကြိတ်ပေးရင် ကြော်တဲ့အခါမှာ ငါးဖယ်လိုဘဲ ရပါတယ် ဘာဆာငါးဆုပ်ကြော်လေး ရပြီဆိုရင်တော့ အာပူလျှာပူ ချက်သောက်မလား မုန့်ဟင်းခါးနဲ့စားမလား အုန်းနို့ခေါက်ဆွဲနဲ့စားမလား ဒီအတိုင်း သုပ်စားမလား ငါးဆုပ်အစာသွပ် လုပ်စားမလား ဆီပြန်လေးပြန်ချက်မလား မျိုးစုံအောင် လုပ်စားနိုင်တဲ့ ငါးဆုတ်လေး ရမှာပါ။

ပါဝင်ပစ္စည်းများ
ငါးဆုတ်ကြော်အတွက် ငါးအရသာနယ်ရန် 

  1. ဘာဆာငါး - 1000 g
  2. Premium Soy Sauce - ထမင်းစားဇွန်း တစ်ဇွန်း
  3. ကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ချင်းအမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အမှုန့်မရှိလျှင် လက်မ၀က်လောက် ထောင်းထည့်ပါ)
  5. ကြက်သွန်ဖြူအမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အမှုန့်မရှိလျှင် အမွှာကြီးကြီး ၃မွှာလောက် ထောင်းထည့်ပါ)
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ရေ - ထမင်းစားဇွန်း ၃ဇွန်းခန့်
  8. ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်
  9. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ (အားလုံကိုရောပြီး ဗလင်ဒါထဲမှာ ကြိတ်ပေးပါ)
  11. နှမ်းမဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန်လုံး နှစ်လုံးစာ

ပြင်ဆင်ပုံ
  • ဘာဆာငါးကို ရေဆေးပြီး ခပ်သေးသေးလေးတွေတုံးပြီး ဗလင်ဒါထဲထည့်ပါ
  • Premium Soy Sauce ကော်မှုန့် ဆား ကြက်သွန်ဖြူအမှုန့် ချင်းအမှုန့် ငရုတ်ကောင်းမှုန့် ဆား နနွင်းမှုန့်တို့ကို ရေနှင့်ဖျော်ပြီး ကြိတ်မည့်ငါးထဲ ရောထည့်ပေးပါ
  • တခါကြိတ်လျှင် တမိနစ်ကြိတ်ပြီး တခါကြိတ် တခါနားကာ ၁၀ခါလောက် ကြိတ်ပေးပါ

ငါးဆုတ်ကြော်ရန်
  • ငါးကြိတ်ပြီးသားကို အရင်ဆုံး လက်ကိုရေဆွတ်ပြီး ကိုယ်နှစ်သက်တဲ့ ပုံစံလေးများ ရအောင် ငါးကုန်တဲ့အထိ တလုံးခြင်း ဆုတ်ပေးပါ
  • နှမ်းမဲထည့်ထားသော ပန်းကန်ထဲမှာ ငါးဆုတ်များကို လူးပေးပါ 
  • ဒယ်အိုးတလုံးကို အပူပေးပါ အိုးပူမှ ဆီကိုထည့်ပြီး အငွေ့တက်လာတာနဲ့ မီးကို အနေတော် လျှော့ပေးပါ
  • ဆီအိုးထဲမထည့်ခင် လက်ကိုရေဆွတ်၍ ဆီအိုးနဲ့ ဝေးရာမှာ လက်ကိုရေခါပြီးမှ ဆုတ်ထားသော ငါးဆုတ်ကို ငါးချက်လောက် ထပ်ဆုတ်ပြီးမှ ဆီအိုးထဲကို ထည့်ပါ
  • ကြော်နေစဉ် အကျက်ညီစေရန် ငါးဆုတ်လုံးကို လှည့်ပေးပါ
  • တခုလုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီး ဆီစစ်ကာ အအေးခံထားပါ
  • ငါးဆုတ်ကြော်များ အေးတာနဲ့ နောက်တကြိမ် ဆီအိုးကိုအပူပေးပြီး ငါးဆုတ်ကြော်များကို ဆီပူပူထဲ ထည့်ကာ အထက်အောက် လှန်ပေးပါ
  • ငါးဆုတ်လုံးများ ညိုရောင်လေးသန်းလာတာနဲ့ ဆယ်ပြီး ဆီပြန်စစ်ပေးပါ
  • မွှေးပြီး အရသာရှိတဲ့ ဘာဆာငါးဆုတ်ကြော်ကို နှစ်သက်သလို သုံးဆောင်လို့ ရပါပြီ။

No comments:

Post a Comment