Friday 29 July 2016

အမဲသားထောင်းကြော်











အိမ်မှာ စားလေ့စားထ မရှိပေမဲ့ မိတ်ဆွေတယောက်အိမ်ကို ယူသွားချင်လို့ အမဲသားထောင်း ကြော်လေးကြော်ဖြစ်သွားပါတယ် စပ်စပ်လေးနဲ့မွှေးနေပြီး အရသာ ကောင်းလွန်းကာ စားကောင်းလွန်းတဲ့ အမဲသားထောင်းဟင်းတစ်မယ် ပြင်ဆင်ချက်ပြုပ်နိုင်အောင် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အမဲသား - 1 kg
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ကြက်သွန်ဖြူအမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ချင်းအမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. နံနံပင် အခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. နာနတ်ပွင့် - ခပ်သေးသေး တစ်ပွင့်
  10. နံနံစေ့ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ခရုဆီ - ထမင်းစားဇွန်း သုံးဇွန်း
  12. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  13. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  14. ရေ  - 1/3 cups

အရသာနယ်ရန်နှင့် ပြင်ဆင်ပုံ
  • အမဲသား အတုံးလိုက်ကို ရေစင်အောင် ဆေးပေးပါ
  • ရေဆေးပြီးမှ လက်တစ်လုံးလောက် အထူမှန်းပြီး အရှည်လိုက် လှီးပေးပါ
  • အသားကို ကန့်လန့်ဖြတ် မလှီးမိအောင် သတိထားပါ
  • ကန့်လန့်ဖြတ် လှီးမိပါက အသားအမျှင်လေးများ မရဘဲ တိုပြတ်ပြတ်လေး ဖြစ်သွားပြီး ဟင်းပွဲပြင်ရင် မလှနိုင်ပါ
  • ပြီးမှ အရှည်လိုက် လှီးထားသော အသားတုံးကို အလယ်မှ ထက်ဝက်လှီးပေးပါ
  • နာနတ်ပွင့်နှင့် နံနံစေ့တို့ကို ညက်နေအောင် ထောင်းထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်ခုထဲမှာ ပါဝင်ပစ္စည်း အကုန်ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အသားထည့်ပြီး အရသာနယ်ထားသော ဇလုံကို cling wrapဖြင့် လုံအောင်အုပ်ပြီး ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ အနည်းဆုံး ၆မှ၈နာရီကြာအောင် ထည့်ထားပါ
  • အသားနှပ်ချိန် ပြည့်တာနဲ့ အိုးတစ်လုံးကို အပူပေးပါ
  • အိုးပူလာတာနဲ့ အရသာ နှပ်ထားသော အသားကို ထည့်ပြီး ၄မိနစ်ခန့် တည်ပေးပြီး မွှေမွှေပေးပါ
  • အသားများ အရောင်ပြောင်းလာတာနဲ့ ရေထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ပြုပ်ထားသော ရေခမ်းလာတာနဲ့ အသားများကို ဆယ်လိုက်ပါ
  • ပြုပ်ထားသော အသားများကို တစ်တုံးခြင်းဆီ စဥ့်နီတုန်းပေါ်တင်ပြီး ငရုတ်ကျည်ပွေ့နှင့် ထုပေးပါ
  • ထုထားသော အသားများကို ထုနေစဉ် အာဗင်ကို 110°cနှင့် ၁၅မိနစ် ကြိုပြီးဖွင့်ထားပေးပါ
  • ထုထားသော အသားများကို အမျှင်အဖတ်လေးများရအောင် ဖွပြီးနွှင်ထားပေးပါ
  • ပြီးတာနှင့် အာဗင်သုံးလို့ ရသည့် ဗန်းတစ်ခုထဲမှာ ဖွပြီးနွှင်ထားသော အသားများကို ဖြန့်ပြီးထည့်ပေးပါ
  • အဆင်သင့် ဖြစ်တာနဲ့ အပူပေးထားသော အာဗင်ထဲမှာ ထည့်ပြီး မိနစ်၃၀မှ မိနစ် ၆၀ခန့် အတွင်း ကင်ပေးပါ
  • ကင်နေစဉ် မိနစ် ၃၀ပြည့်တာနဲ့ အပြင်ခနထုတ်ပြီး အထက်အောက် သမအောင်မွှေပြီး အာဗင်ထဲ ပြန်ထည့်ပေးပါ
  • အာဗင်ထဲ ထည့်ချိန်ပြည့်တာနဲ့ အပြင်ထုတ်ပေးကာ မွှေးပျံ့သော အမဲသားထောင်းကင်ကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment