Monday 25 July 2016

ကြက်သား ဘူးသီးဟင်း




ဆောင်းတွင်းအချိန်အခါ သမယလေးမှာ စားချင်တာက စပ်စပ်လေးဆိုတော့ ဒီတခါ ကြက်သားဘူးသီးကို ကာလသမီးချက်လေး ချက်လိုက်ပါတယ် မာမာချက်တဲ့ ကာလသမီးချက်လေးပေါ့နော်။

ကြက်သားတစ်ကောင်လုံးကို ကြိုက်နှစ်သက်ရာ အသားတွေနဲ့ ခုတ်ထစ်ပြီး ချက်လို့ရပါတယ် မာမာကတော့ အတောင်ပံ အရင်းကနေ အဖျားသားအထိ ခုတ်ထစ်ပြီး ချက်ထားပါတယ် ဟင်းအရောင် လှတာလေး လိုချင်လို့ ခရမ်းချဉ်သီးကိုလဲ ready made ဗူးသုံးပြီး ချက်ထားတဲ့ စားမိန်ဟင်းတမယ်အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်သား - တကီလို
  2. ဘူးသီး - တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် တစ်လုံးစာ
  3. ကြက်သွန်နီ - အနေတော်တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  10. စပါးလင် - ၂လက်မအရွယ် ၃ချောင်း
  11. ငရုတ်သီးစိမ်း - အနီရောင် ၅တောင့်
  12. ခရမ်းချဉ်သီး - အနေတော် ၃လုံး (or) ready made ခရမ်းချဉ်သီး -250 g
  13. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  14. ရေ - 1000 ml

ပြင်ဆင်ပုံ
  • ကြက်အကောင်လိုက်ကို ချက်ပါက တစ်ကာင်လုံးကို မလိုတာတွေဖယ်ပြီး အကောင်လိုက် ရေဆေးပေးပြီးမှ နှစ်သက်သလို ခုတ်ထားပါ
  • အတောင်ပံ ပေါင် ရင်ပုံသားစသည့် အသားများ သုံးပါက အနေတော် ခုတ်ထားပါ
  • ဘူးသီးကို အခွံခွာပြီး တစ်ဝက်ခြမ်း၍ ရေဆေးပေး၍ အလယ်သားများဖယ်ကာ ခပ်ထူထူ အတုံးလေးတွေ တုံးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ
  • ခရမ်းချဉ်သီးကို ခပ်နုတ်နုတ် လှီးထားပါ
  • Ready made ဗူး သုံးပါက ဖောက်ပြီး အဆင်သင့် ပြင်ထားပါ
  • စပါးလင်ကို အနေတော် ဖြတ်ပြီး ကျေအောင် ထုထားပါ
  • ငရုတ်သီးစိမ်းကို မညက်တစ်ညက် ထောင်းထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ပစ္စည်းအားလုံးကို ရောထည့်ပြီး အရသာဝင်အောင် ရောပြီးနယ်ပေးပါ
  • အရသာနယ်ပြီးတာနဲ့ မီးအားပြင်းပြင်းဖွင့်ပြီး လုံးချက်ချက်ပေးပါ
  • ချက်နေစဉ် အိုးမကပ်စေရန် မကြာမကြာ အိုးကိုလှုပ်ပေးပြီး အထက်အောက် သမအောင် မွှေပေးပါ
  • ၁၀မိနစ်ခန့် လုံးချက် ချက်ပေးပြီးပါက မီးအားကို အနေတော်သို့လျှော့ကာ ရေထည့်ပြီး အဖုံးအုပ်ကာ နာရီဝက်ခန့် တည်ပေးပါ
  • နာရီဝက်ခန့်တည်ပြီးတာနဲ့ မီးပိတ်ပြီး အရသာမြည်း၍ လိုသလို ပြင်ပေးကာ စားသုံးရန် ပြင်ဆင်နိုင်ပါပြီ
  • ငါးပိထောင်း ချဉ်ငံစပ်လေးနှင့် လိုက်ဖက်လွန်းသော ကြက်သားဘူးသီး ကာလသမီးချက် အရည်သောက်ဆမ်းဟင်းကို နှစ်သက်သလို သုံးဆောင် နိုင်ပါပြီ။

No comments:

Post a Comment