Wednesday 17 August 2016

ငါးခြစ်ဆန်လှော်ထောင်း ငါးဆုပ်ဟင်း










အခုရက်ထဲ ငါးဆုပ်လေးတွေ စားချင်စိတ်ပေါ်လေတော့ ရာသီစာ ခရမ်းချဉ်သီး ငါးဆုပ်ချဉ်ချဉ်လေး ချက်ပြီး ထမင်းပူပူလေးနှင့် စားကြ လေသတည်းပေါ့။

ဒီတစ်ခါတော့ ဘာဆာငါးကို ဆန်လှော်ထောင်းနဲ့ ငါးဆုပ်ထောင်းကာ ချက်ထားတာမို့ ငါးအရသာ မွှေးမွှေးလေးနဲ့ ထမင်းမြိန်စေမဲ ဟင်းတစ်မယ်အတွက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး - 500 g
  2. ဆန်လှော်မှုန့် - ထမင်းစားဇွန်း မောက်မောက် နှစ်ဇွန်း
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းချက်ရန် တစ်ဝက် ငါးခြစ်ထောင်းရန် တစ်ဝက်)
  4. ကြက်သွန်ဖြူ - ၆မွှာ (ဟင်းချက်ရန်နှင့် ငါးဖယ်ထောင်းရန် တစ်ဝက်စီခွဲသုံးရန်)
  5. ချင်း - လက်တစ်ဆစ်သာသာ (ဟင်းချက်ရန်နှင့် ငါးဖယ်ထောင်းရန် တစ်ဝက်စီခွဲသုံးရန်  )
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ကြက်သွန်နီ - အနေတော် နှစ်လုံး
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ( ဟင်းချက်ရန်နှင့် ငါးခြစ်ထောင်းရန် တစ်ဝက်စီ)
  9. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  10. ခရမ်းချဉ်သီး - အလုံးကြီးကြီး သုံးလုံး (သို့မဟုတ်) ready made ခရမ်းချဉ်သီးဗူး 400 g
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း (ဟင်းချက်ရန်)
  13. ဆီ - လိုသလောက် သုံးပေးပါ (ငါးဆုပ်ကြော်ရန်)
  14. ရေ - ငါးဖယ်ငါးဆုပ် မြုပ်အောင်ထည့်ရန် လိုသလောက်
ပြင်ဆင်ပုံ
  • ဘာဆာငါးကို ရေဆေးပြီး ဇွန်းနှင့်ခြစ်ထားပါ
  • ခြစ်ထားသော ဘာဆာငါးခြစ်ကို ဆန်လှော်မှုန့် ဆား အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ ကြက်သွန်နီ တစ်ဥ ကြက်သွန်ဖြူ သုံးမွှာ ချင်းလက်တစ်ဆစ်ရဲ့ တစ်ဝက်တို့နဲ့ ရောပြီး မာပြီးစေးထန်းလာတဲ့အထိ ထောင်းပေးပါ
  • ငါးခြစ်ထောင်း မာပြီးစေးထန်းလာပါက လက်ကို ဆီအနည်းငယ်စွတ်ပြီးမှ ငါးခြစ်ထောင်းကို အနေတော်ယူကာ အားလုံးကို အဆင်ပြေသလို ဆုပ်လုံးပေးထားပါ
  • ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ငါးဆုပ်များကို တစ်လုံးခြင်း ထည့်ကြော်ပေးပါ
  • ငါးဆုပ်တလုံးလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ထားပါ
  • ခရမ်းချဉ်သီးကို နူးအောင်ပြုပ်ပြီး အခွံခွာထားပါ
  • Ready made ဗူးကို သုံးပါက အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးအရောင်တင်မှုန့်နှင့် ရောပြီးထောင်းပေးထားပါ
  • ဒယ်အိုးတစ်လုံးထဲ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  နနွင်းမှုန့်နှင့် ငရုတ်သီးထောင်းတို့ကို ထည့်ပြီးဆီသတ်ပါ 
  • ဆီသတ်ထားသော ငရုတ်သီးထောင်းများ မွှေးလာတာနဲ့ ငါးငံပြာရည်ထည့်ပြီး သုံးလေးချက်လောက် မွှေလိုက်ပါ
  • ပြီးတာနဲ့ အခွံခွါထားသော ခရမ်းချဉ်သီးများထည့်ကာ ကြေသွားအောင် မွှေကြော်ကြော်ပေးပါ
  • ခရမ်းချဉ်သီးများ ကြေလာတာနဲ့ အချိုမှုန့်နှင့် ရေကိုထည့်ပြီး ဆူလာအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ကြော်ထားသော  ဘာဆာငါးဆုပ်များကို ဆီသတ်ထားသော အိုးထဲထည့်ကာ အိုးအဖုံးကို ဖုံးပေးပြီး ၈ မိနစ်လောက် တည်ပေးပါ
  • ဟင်းအိုး တည်နေစဉ် ငါးဆုပ်လုံးထဲ အရသာ အ၀င်ညီစေရန် လေး ငါးခေါလောက် မွှေမွှေပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ အရည်လေးနဲ့ စားချင်ရင် ရေမခမ်းခင် မီးပိတ်ပေး၍ ဘာဆာငါးခြစ် ငါးဆုတ်ဟင်းကို စားသုံးနိုင်ပါပြီ ။
  • ဆန်လှော်မှုန့် လှော်နည်းကို ဘလော့မှာ တင်ထားပြီးသားဖြစ်ပါတယ်။

No comments:

Post a Comment