Friday 16 September 2016

ခရမ်းသီးနှပ် ဆီလည်ရေလည်



ဒီနေ့တော့ ငါးပိရည်ကို ငရုတ်သီးစိမ်း ပုဇွန်လှော်ထောင်းနဲ့ ခပ်စပ်စပ်လေးဖျော်ကာ ခရမ်းသီးနှပ်နဲ့ ထမင်းကိုနယ်ကာ ထမင်းမြိန်မြိန် စားနိုင်အောင် ခရမ်းသီးနှပ် နှပ်တဲ့နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းသီး - အလုံးကြီးကြီး နှစ်လုံး
  2. ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ ဥကြီးကြီး - တစ်ဥ
  3. ရေစိမ်ပြီး ညက်အောင်ထောင်းထားသော ပုဇွန်ခြောက် လက်ဖက်ရည် ပန်းကန်လုံး - တစ်လုံးစာ
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  8. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်လှီးပြီး လေးစိတ်လှီးပေးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ဆား ဆီ အရသာမှုန့် ပုဇွန်ခြောက်ထောင်းတို့ကို ရောနယ်ပေးထားပါ
  • ခရမ်းသီးများကို ဇောက်နက်သော အိုးထဲထည့်ပြီး အစာများထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
  • အိုးထဲမှာ အရသာနယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပါ
  • ခရမ်းသီးနူးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိအိမွှေးမွှေး ခရမ်းသီးနှပ် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment