Sunday 18 September 2016

ပဲပြုပ် ပူပူလေး









ပဲပြုပ် ပြုပ်နည်းလေးတွေ တစ်နည်းမဟုတ်ရင် တစ်နည်းနဲ့ အဆင်ပြေအောင် အမျိုးမျိုး စမ်းသပ်ပြီး ပြုပ်ဖြစ်ပါတယ် မာမာ ပဲပြုပ်တဲ့နည်းတိုင်းက အဆင်ပြေနေတော့ အဆင်မပြေလို့လာလာ မေးကြတဲ့သူတိုင်းအတွက် ဖြေစရာ အဖြေက ဘယ်လို ဖြေရမှန်း မသိအောင် ဖြစ်ခဲ့ရပါတယ်။

တစ်ချို့က ပြုပ်နေရင်း အခွံတွေ ကျွတ်ထွက်ကုန်တယ်တဲ့ အခွံကျွတ်တာအတွက် အဖြေက ပြုပ်မဲ့ပဲ ပမာဏနဲ့ပဲထည့်ပြုပ်မဲ့အိုးက သိပ်ကြီးနေရင်လဲ ပဲတွေက အိုးထဲမှာ ချောင်ပြီး အခွံတွေ ကျွတ်ထွက်တတ်သလို ပြုပ်နေစဉ် ပဲအိုးကို ဖွင့်ပြီး ခနခန မွှေပေးရင်လဲ အခွံတွေ ကျွတ်ထွက်တတ်ပါတယ်။

ဒါကြောင့်မို့လို့ ပဲပြုပ်မယ်ဆိုရင် အိုးအသားထူပြီး ပြုပ်မဲ့ပဲ ပမာဏကို  အိုးထဲမှာ ထည့်ပြီးတာနဲ့ ပဲအပေါ်မှာ လက်လေးလုံးလောက်ဘဲ အမြင့်ရှိတဲ့ အိုးနဲ့ပြုပ်ပေးပါ။

တစ်ချို့ကကျတော့လဲ ပြုပ်ပြီးတာနဲ့ ပဲတွေပျော့ပျဲ သွားတတ်ပါတယ်တဲ့ အဲဒီအတွက် အဖြေကတော့ စဉ်းစားရ နည်းနည်း ခက်ပါတယ် စဉ်းစားမိတာလေးကတော့ ပြုပ်တဲ့ ပဲအမျိုးအစား မတူတာ ဖြစ်နိုင်သလို ပဲ ပြုပ်နေစဉ် ခနခန မွှေမိတာလဲ ဖြစ်နိုင်ပါတယ်။

တစ်ခါတလေ ပဲနဲ့ရေအချိန်အဆ ကွာသွားတာလဲ ဖြစ်နိုင်သလို အသုံးပြုသော မီးဖိုတွေရဲ့ အပူရှိန် ပမာဏ မတူတာတွေလဲ ဖြစ်နိုင်ပါတယ် ဒါကြေင့်မို့လို့ မိမိအသုံးပြုသောပဲ မိမိအသုံးပြုသော မီးအပူချိန်တွေကို ချင့်ချိန်ပြီး အသုံးပြုကြ စေချင်ပါတယ်။

မာမာကတော့ ပဲပြုပ်ဖို့ ပြင်လေတိုင်း ဆိုဒါကို ပဲရေစိမ်ချိန်မှာလဲ မသုံးသလို ပြုပ်စဉ်မှာလဲ မသုံးပါဘူး  ဆိုဒါသုံးခြင်းကြောင့် ပဲပြုပ်နည်းတွေ ပျက်ပျက်သွားတာ ကြုံဖူးသလို ပဲပြုပ်မှာ ဆိုဒါနံ့ တွေ ကျန်နေတတ်လို့ပါဘဲ။

အခု ပဲပြုပ်တဲ့နည်းက အရင်နည်းကိုဘဲ အခြေခံပြီး ပြုပ်ပါတယ် ပဲကိုအပင်ဖောက်ပြီး ပြုပ်တဲ့အခါ ပဲပြုပ်ကပိုပြီးချိုပါတယ် ဒါကြောင့်မို့လို့ ဒီတခါတော့ စားတော်ပဲ စစ်စစ်လေး ရလာတာနဲ့ အပင်ဖောက်ပြီး ပြုပ်ထားပါတယ်။

အလျှင်စလို အမြန်စားချင်တယ် ဆိုရင်တော့ ၁၀နာရီလောက် ရေစိမ်ပြီး အပင်မဖောက်ဘဲ တစ်ခါထဲ ပြုပ်ပေးနိုင်ပါတယ် မာမာကတော့ ပဲပြုပ်ကို ပြုပ်ပြီးတာနဲ့ အအေးခံပြီး ခဲထားချင်တာနဲ့ ပဲကို အညှောင့်လေးတွေ ဖောက်လိုက်ပါသေးတယ် ဒါကြောင့်မို့လို့ အရမ်းလွယ်ပြီး ရိုးရိုးရှင်းရှင်း ပဲပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. Dried peas - 375 g
  2. ထန်းလျှက်ခဲ -  ကွမ်းသီးလုံးလောက် တစ်ခဲ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ရေ - ပဲအထက် လက်တဆစ်ခန့်
  5. ပြုပ်ရန်အိုး - အိုးအသားထူပြီး ပြုပ်မည့်ပဲနှင့် ပမာဏ သိပ်မကွာတဲ့ အနေတော် အိုးတစ်လုံး

ပြင်ဆင်ပုံ

  • ဇလုံတစ်လုံးထဲမှာ ပဲများကိုထည့်ပြီး ရေတစ်ထပ် ဆေးပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင် ထည့်ပေးကာ ၁၀နာရီလောက် ရေ၀အောင် စိမ်ထားပေးပါ 
  • ရေ၀ပြီး ပဲများပွလာပြီ ဆိုတာနဲ့ အပေါက်ခပ်စိတ်စိတ်ပါသော ဇကာတစ်ခုထဲကို သွန်ချပေးပြီး အညှောင့်ဖောက်ဖို့ ပြင်ပါမယ်
  • အညှောက်ဖောက်ရာမှာ ပဲတွေကို အဝတ်စနဲ့ ထုတ်ပြီး အညှောင့်မဖောက်မိစေဖို့ သတိထားပေးပါ
  • အဝတ်စနဲ့ထုတ်ပြီး အညှောင့်ဖောက်တဲ့ ပဲကိုပြုပ်တဲ့အခါ ရေစော်နံတတ်ပါတယ်
  • ပဲအညှောင့်ဖောက်ထားစဉ် အ၀က်စ သန့်သန့်တစ်ခုကို ရေစွတ်ပြီး ပဲအပေါ်မှာ အုပ်ထားပေးပါ
  • အ၀တ်စကို တစ်နေ့ရေ၃ခါလောက် စွတ်ပြီးမှ ပြန်ပြန်အုပ်ပေးပါ
  • ဒုတိယရက်မှာ ပဲအစို့လေးများ စပြီးထွက်လာပါပြီ
  • အ၀တ်စကို ရေစွတ်ပြီး တစ်နေ့၃ခါ ပထမရက်ကလိုဘဲ အုပ်ပေးပါ
  • တတိယရက်မှာ အညှောင့်အစို့လေးတွေ တော်တော်လေး ရှည်လာပါပြီ
  • ပဲအညှောင့်ဖောက်ထားစဉ် ပဲများကို မဖွမိဖို့ သတိထားပေးရသလို ပဲထည့်ထားသော ဇကာရဲ့  အောက်ချေမှာလဲ ရေများအိုင်မနေအောင် သတိထားပါ
  • တတိယနေ့ ညနေပိုင်း ၃နာရီလောက်ဆို ပဲပြုပ်ဖို့ ပြင်နိုင်ပါပြီ
  • အထက်မှာ ပြထားသော အောက်ခြေထူတဲ့ အိုးကဲ့သို့သော အိုးထဲသို့ပဲများကို ပြောင်းပြီး ထည့်ပေးပါ
  • ရေကိုပဲအထက် လက်တစ်ဆစ်ခန့် မြုပ်အောင်ထည့်ပေးပါ
  • ထန်းလျှက်ခဲ ကွမ်းသီးလုံးခန့် တစ်ခဲနှင့် ဆားထည့်ပြီး အိုးအဖုံးအုပ်ကာ ပြုပ်ပေးပါ
  • ပဲအိုး ရေပွက်ပွက် ဆူလာပြီ ဆိုတာနဲ့ ပဲအိုးရေခမ်းတဲ့အထိ ဆက်ပြုပ်ပါ
  • ပဲပြုပ်ချိန် မိနစ်၄၀လောက်ဆို ရေခမ်းကာ နီးလာပါပြီ 
  • ရေခမ်းကာနီးပါက မီးကိုနံပါတ်တစ်လောက်ထိ လျှော့ချပြီး ပဲအိုးကို မီးအေးအေးနဲ့နှပ်ပေးပါ
  • ရေခမ်းပြီး ပဲများနပ်လောက်ချိန်မှာ အိုးကိုအဖုံး ဖုံးထားပြီး လက်နှစ်ဖက်နှင့် အ၀တ်ခံပြီးကိုင်ကာ အထက်အောက် သမအောင် ၂ချက်လောက် ခလောက်ပြီး ပဲကိုအထက်အောက် လှန်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်မှာ လက်ကျန်မီးအပူရှိန်နဲ့နှပ်ထားပေးပါ
  • ပဲနပ်သွားပြီဆိုပါက ချိုပြီးအိနေသော ပဲပြုပ်အိအိ မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment