Wednesday 2 November 2016

ပန်ထွေဖျော်







ခရမ်းချဉ်သီးမျိုးနွယ်လို့ ဆိုပေမဲ့ ခရမ်းချဉ်သီးနဲ့ နည်းနည်းလေးမှမတူဘဲ အချဉ်စူးပြီး အရောင်က အရမ်းရဲပါတယ် မြန်မာပြည်မှာတော့ အရမ်းပေါပြီး ကျမနေတဲ့ နိုင်ငံမှာတော့ ဈေးကြီးတယ်လို့ ပြောရမှာပါ တလုံးကို ၂ဒေါ်လာနီးပါး ပေးရပါတယ်။

ဒီခရမ်းချဉ်သီးလေးကို အချဉ်စူးစူးလေးမို့လို့ အရမ်းကြိုက်မိတယ် ဘာလုပ်စားရင် ကောင်းမလဲ စဉ်းစားရင်းက နောက်ဆုံးတော့ ထမင်းမိန်စေတဲ့ ပန်ထွေဘဲ ဖျော်ဖြစ်သွားပါတော့တယ် ။

ပါဝင်ပစ္စည်းများ

  1. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  2. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  5. ပူစီနံ - နှစ်သက်သလောက်
  6. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  7. ငရုတ်သီးအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်း
  8. ပဲဆီ - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းချဉ်သီးကို မီးဖိုပေါ်တင်ပြီး အပြင်ခွံ ကျွမ်းတဲ့အထိ ကင်ပေးပါ
  • အခွံများ အနည်းငယ် ကျွမ်းလာပြီ ဆိုတာနဲ့ အအေးခံကာ အခွံများခွာပေးပါ
  • ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းထားပါ
  • ပူစီနံကို ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို လှီးထားပြီး ငရုတ်သီး အကျက်မှုန့်ကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ခရမ်းချဉ်သီးကို ကျေသွားအောင် ချေပေးပါ
  • ခရမ်းချဉ်သီးမှ ထွက်လာသော အရည်ထဲမှာ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ဆား အချိုမှုန့် ပူစီနံ ဆီတို့ထည့်ပြီး မွှေပေးပါ
  • အားလုံးသမအောင် မွှေပေးပြီးတာနဲ့ ခရမ်းချဉ်သီး ချဉ်ငံစပ် ပန်ထွေဖျော်ကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment