Monday 6 February 2017

ဆယ်လ်မွန်ငါး အချဉ်ဆီပြန်ဟင်း


ဒီနေ့တော့ ဆယ်လ်မွန်ငါးကို အချဉ်ဆီပြန်ဟင်း ချက်ပါတယ် ငါးသလောက်လိုဘဲ စားလို့ကောင်းပြီး ထမင်းမိန်စေကာ စားလို့ကောင်းလွန်းတဲ့ ဟင်းတမယ်ပါ။

ငါးတွေကို အရသာနယ်ပြီး အစိမ်းချက်ရင် ဆီသတ်နိုင်ဖို့တော့ လိုပါတယ် ဆီသတ်မနိုင်တဲ့အခါ ငါးအသားက ပွယောင်းယောင်းကြီး ဖြစ်ကာ စားလို့မကောင်းသလို ညှီနံ့လည်း နံတတ်ပါတယ် ဒါကြောင့်မို့လို့ ငါးကိုဆီနိုင်နိုင် သတ်ပေးဖို့တော့ လိုပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆယ်လ်မွန်ငါး - 500 g
  2. သံပုရာသီး - တခြမ်း
  3. ကြက်သွန်နီ - အလုံးကြီးကြီး ၁လုံး
  4. ကြက်သွန်ဖြူ အမွှာကြီးကြီး ၃မွှာ
  5. ချင်း ခပ်ပါးပါး - ၂ပြား
  6. ခရမ်းချဉ်သီး အလုံးကြီးကြီး ၄လုံး
  7. ငရုတ်သီး​ အခြောက်​​တောင့်​ - ၅တောင့်ခန့်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  10. ငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  11. ဆား - လက်ဖက်ရည်ဇွန်းတ၀က်သာသာ
  12. ဆီ - ဟင်းခတ်ဇွန်းကြီး ၁ဇွန်းခွဲ

ပြင်ဆင်ပုံ

  • ဆယ်လ်မွန်ငါး ခုတ်​သားကို ရေ​ဆေးပြီး သံပုရာရည် နနွင်းမှုန့် ငံပြာရည် အရသာမှုန့် ဆားအနည်းငယ်​တို့နှင့် နယ်​ပေးပါ
  • ချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပေးပါ
  • ငရုတ်သီးတောင့်ကို ရေဆေးပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  • ပြီးတာနဲ့ချင်း ကြက်သွန်ဖြူ နှင့်ကြက်သွန်နီနှင့်​ ရေစိမ်ထားသော ငရုတ်​​သီး အခြောက်​​တောင့့်တို့ ကိုရောထောင်းပေးပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး  ခပ်ပါးပါးလှီးပေးပါ
  • ဇောက်နက်သော ဒယ်အိုးကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးအရောကို ဆီပူပူမှာ ထည့်ပြီးကြော်ပေးပါ
  • ငရုတ်သီးနံ့သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေပြီးအိလာတာနဲ့ အရသာနယ်ထားသော ငါးကို ထည့်ပေးပါ
  • ခရမ်းချဉ်သီးနှင့် ငါးတို့ကို လုံးမိအောင် အထက်အောင် ၃ခါလောက် မွှေပေးပြီး အဖုံးပိတ်ကာ တည်ပေးပါ
  • ဆီသတ်ထားချိန် အိုးမကပ်စေရန်နှင့် ငါးအသားများ ကျေမသွားစေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  • ငါးအသား မာပြီးကျစ်လာမှ ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီပြန်အောင် တည်ပေးကာ မီးပိတ်ပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ ။

No comments:

Post a Comment