Friday 10 March 2017

ဆိတ်အရိုးနုပြုပ်


ဒီနေ့တော့ ဆိတ်ရင်ညွန့် အရိုးနုလေးတွေကို ဆိတ်ရိုးစွပ်လေး ပြုပ်ပါတယ် ပြုပ်နည်းကတော့ အရင်တစ်ခါ ပြုပ်ထားတဲ့ ဆိတ်ကြောရိုး ပြုပ်နည်းနဲ့ အတူတူပါဘဲ ဒါပေမဲ့ ဆိတ်ရင်ညွန့်ရိုးက အဆီပါတဲ့အတွက် ပြုပ်တဲ့အခါမှာ အနည်းဆုံး ပြုပ်ရည်ကို သုံးခါလောက်တော့ သွန်ပေးရပါတယ် ဒိမင့်ဆိုရင်တော့ ဆိတ်ရိုးစွပ်မှာ အဆီတွေ တက်နေတတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရိုးအသားတွဲနေသော ဆိတ်ရင်ညွန့်ရိုး - 1 kg
  2. ချင်း - တစ်လက်မခန့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်နှစ်မွှာခန့်
  4. ကရဝေးရွက် - လေးရွက်ခန့်
  5. သစ်ဂျပိုးခေါက် - နှစ်လက်မခန့်
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ

  • ဆိတ်ရိုးကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • ကြက်သွန်ဖြူ  လေးမွှာခန့်ကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • သစ်ဂျပိုးခေါက်နှင့် ကရဝေးရွက်ကို ရေဆေးထားပါ
  • ဇောက်နက်သော အိုးထဲမှာ ဆိတ်ရိုးများကို ထည့်ပေးပြီး ရေမြုပ်အောင် ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူချိန် နာရီဝက်လောက် ရတာနဲ့ အိုးထဲမှာ တက်လာသော ဆိတ်ရိုးအဆီများနှင့် ရေများကို သွန်ပေးပါ
  • ဆိတ်ရိုးမှ အဆီများနှင့် အရိုးနံ့ပျောက်စေရန် နောက်ထပ် သုံးကြိမ်လောက် ထိုနည်းအတိုင်း ပြူပ်ပေးပါ 
  • ရေပူများနှင့် တက်လာသော အဆီများကို သွန်ပြီးတာနဲ့ နောက်ထပ်ရေမြုပ်အောင် ထပ်ထည့်ပေးကာ ချင်း ကရဝေးရွက် ကြက်သွန်ဖြူ ဆား နှင့် ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေး၍ ရေကိုပွက်ပွက် ဆူအောင်တည်ပေးပါ 
  • ရေပွက်ပွက် ဆူလာပြီး အပေါ်ယံမှာ အမြှပ်များတက်လာပါက အပေါ်ယံအမြှုပ်များ ခပ်ပြီးသွန်ပေးပါ
  • ဆိတ်ရိုးအနံ့ ပျောက်လာအောင် နာရီဝက်လောက် နောက်ထပ်ပြုပ်ပေးပြီး တက်လာသမျှ အမြုပ်များကို ခပ်ပြီးသွန်ပေးပါ
  • ဆိတ်ရိုး အမွှေးနံ့သင်းလာတာနဲ့ ရေလိုသလောက်ထည့်ကာ ဆားနှင့်အချိုမှုန့်ကို သင့်သလို ထည့်ပေးပြီး ဟင်းရည်ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည်အရသာမြည်းပြီး ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ထည့်ပေးကာ မီးမျှင်းမျှင်းနှင့် တည်ထားပါ
  • ဟင်းရည်သောက်ခါနီး ပူနေပါမှ အရသာရှိပြီး မွှေးရနံ့သင်းပျံ့တဲ့ ဆိတ်ရိုးစွပ်ကောင်းကောင်းလေး ရမှာ ဖြစ်ပါတယ်
  • အဆင်သင့်ဖြစ်တာနဲ့ ပာင်းရည်သောက်ရန် ငရုတ်သီးတောင့်နီ နံနံပင် သံပုရာသီးတို့ထည့်ကာ ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment