Friday 17 March 2017

ငါးအမွ အစပ်ကြော်


ဒီနေ့တော့ ငါးအမွ အစပ်လေး ကြော်ဖြစ်ပါတယ် အရိုးနဲ့ အရေခွံ ခွါပြီးသား cod fish ကိုသုံးထားပြီး အသားဖွာတဲ့အတွက် အမွကြော်ရာမှာတော့ အရမ်းအဆင်ပြေစေတဲ့ ငါးလေးဖြစ်တာကြောင့် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. cod fish - တကီလို
  2. စိမ်းစားငပိ - ထမင်းစားဇွန်း ၁ ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
  4. စပါးလင် - ၂ ပင် 
  5. ဆီ - 2 cups (500 ml)
  6. အခွံမာများ ခွါထုတ်ပြီး ခပ်ပါးပါးလှီးထားသော စပါးလင် - ထမင်းစားဇွန်း ၂ ဇွန်း
  7. ထုထားသော စပါးလင် - တစ်ပင်
  8. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - ထမင်းစားဇွန်း ၂ ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
  10. ငရုတ်သီးခြောက် လုံးခြမ်းခွဲမှုန့် - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ

  1. ငါးကိုေ ရေဆးထားပါ
  2. စပါးလင် အရိုးများကို ရေဆေးပြီး တပင်ကို ခပ်ဖွဖွ ထုထားပါ
  3. နောက်တပင်ကို ခပ်ပါးပါး လှီးထားပါ
  4. ဟင်းချက်ရာတွင် ပါဝင်သော ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  5. ဇောက်နက်သော အိုးထဲမှာ ရေအနည်းငယ် ထည့်ပေးကာ ရေဆူအောင် တည်ပေးပါ
  6. ရေ ဆူလျှင် စိမ်းစားငပိ နနွင်းမှုန့် ထုထားသော စပါးလင်နှင့် ငါးထည့်ကာ ငါးကျက်ရုံလေး ပြုတ်ပေးပါ
  7. ငါးကို အရမ်းနူးပျော့သွားအောင် ပြုတ်ရန်မလိုတဲ့အတွက် ထည့်ထားသော ရေခမ်းတာနဲ့ အအေးခံထားပါ
  8. အအေးခံပြီးသား ငါးကို အသားများမွအောင် လက်ဖြင့် ချေပေးပါ
  9. ငါးထဲထည့်ပြုပ်ထားသော  စပါးလင်ကို ဖယ်ပလိုက်ပါ
  10. အားလုံးအဆင်သင့် ဖြစ်တာနဲ့ မကပ်သော ဒယ်အိုးတစ်လုံးကို အပူပေးပါ
  11. အိုးပူလာတာနဲ့ ဆီထည့်ပေးပါ ဆီပူလာတာနဲ့လှီးထားသော စပါးလင် ကြက်သွန်ဖြူ မွထားသောငါးနှင့် ငါးငံပြာရည်တို့ကို မကပ်သော အိုးထဲထည့်ကာ မီးအနေတော်ဖြင့် နာရီဝက်လောက် ကြော်ပေးပါ
  12. မိနစ် ၃၀ ခန့် ကြောပြီးပါက ငါးအသားထဲမှ အရည်များကုန်ကာ ခြောက်ပြီးမွလာသည်အထိ ကြော်ပေးပါ
  13. ငါးအသားများ ခြောက်ပြီးမွလာတာနဲ့ မီးကိုအနေတော်သို့လျှော့ကာ ၁၀ မိနစ်ခန့် မွှေကြော်ပြီး ငရုတ်သီးခြောက် လုံးခြမ်းခွဲမှုန့်ကို ထည့်ပေးပါ
  14. နောက်ထပ် မီးအနည်းငယ် ထပ်လျှော့ပြီး  ၁၀ မိနစ်ခန့်  ထပ်ကြော်ပေးပြီး မီးဖိုမှဖယ်ပေးပါ
  15. မီးဖိုပေါ်က ဖယ်ပြီးတာနဲ့ဇကာစိတ်စိတ်လေးထဲ သွန်ချကာ ဆီစစ်ပေးပါ
  16. ဆီတတ်နိုင်သမျှ ကုန်အောင်စစ်ပြီးဆိုတာနဲ့ ငါးအမွကြော်လေး အရသာရှိစွာ သုံးဆောင်ရန် ပြင်ဆင်ပေးနိုင်ပါပြီ ။

No comments:

Post a Comment