Thursday 23 March 2017

မြင်းခွာရွက်ဟင်းခါး


မိုးကလေး တစ်ဖြိုက်နှစ်ဖြိုက် ရွာလာတာနဲ့ မြင်းခွာရွက်တွေလဲ ထွက်လာခဲ့လေပြီ ဒီတော့လဲ ခြံထွက်မြင်းခွာရွက်လေးတွေကို ကြော်စားလိုက် သုပ်စားလိုက် ဟင်းခါးချက်သောက်လိုက်နဲ့ အရည်သောက် ဟင်းတစ်မယ်ကတော့ ရပြန်တာပါဘဲ။

ဒီနေ့တော့ မိုးအေးအေးနဲ့ မြင်းခွာရွက်ဟင်းခါး ချက်ဖြစ်လေတော့ ကလေး၂ယောက်မွေးချိန်မှာ တစ်မုန်းသောက်ခဲ့ရတာ ပြေးလို့သတိရမိတယ် ကလေးတစ်နှစ်ပြည့်တဲ့အထိ မနက်ည ပုံမှန်သောက်ရပေမဲ့ မမုန်းတဲ့ အစာတစ်ခု ဖြစ်ခဲ့သလို အခုလဲ ပူပူလူလူလေး သောက်ချင်နေမိတုန်းပါဘဲ။

ပါဝင်ပစ္စည်းများ

  1. မြင်းခွာရွက် - နှစ်သက်သလောက်
  2. ငါးခူ  - တစ်ကောင်
  3. ရေ - တရုတ်ဟင်းရေသောက် ပန်းကန်လုံး နှစ်လုံးစာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး  သုံးမွှာ
  8. ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ငါးခူကို ဆူးတောင်ခုတ် မလိုတာတွေဖယ်ပြီး ဆားကြမ်းကြမ်းနှင့် နယ်ပေးပါ 
  • ဆားနှင့်နယ်ပြီးပါက ရေနှင့်စင်အောင် ဆေးလိုက်ပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါးခူနှင့် ဆား ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းနှင့်ရေကို မြုပ်တယ်ဆိုရုံလေး ထည့်ပြီး ပြုပ်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ ငါးကိုအအေးခံပြီး အရိုးအသား နွှင်လိုက်ပါ
  • အရိုးများကို ဖယ်လိုက်ပြီး အသားကို ငါးပြုပ်အိုးထဲ ပြန်ထည့်ပေးပါ
  • ငါးပြုပ်အိုးထဲကို ငါးငံပြာရည်နှင့် ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူကိုရောပြီး မညက်တစ်ညက် ထောင်းပေးထားပါ
  • မြင်းခွာရွက်များကို အရွက်မှာ ကပ်နေသော ဖုန်များ ပိုးကောင်လေးများ စင်သွားစေအောင် မချက်ခင် ရေနာရီဝက်လောက် ကြိုပြီးစိမ်ထားပါ
  • ရေစိမ်ပြီးမှ ဇလုံကျယ်ကျယ်ထဲမှာ လှုပ်ခါ၍ ရေဆေးပေးပါ
  • ဟင်းရေအိုး ရေဆူလာပါက ရေဆေးထားသော မြင်းခွာရွက်နှင့် ထောင်းထားသော ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းကို ခပ်လိုက်ပါ
  • အရွက်နှင့် ကြက်သွန်ဖြူ ငရုတ်ကောင်းမှုန့်တို့ ဆက်တိုက်ထည့်ပြီး သုံးမိနစ်လောက် ပွက်ပွက်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့မီးပိတ်ပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး အိုးကို မီးဖိုပေါ်မှာ မထားဘဲ နေရာရွှေ့ပေးပါ
  • အရွက်အရောင် မပြောင်းစေရန်နှင့် ဟင်းရည်အနံ့ မပြောင်းစေရန် ဟင်းရည်အိုးကို အပေါက်များများပါသော ဇကာ ခပ်စိတ်စိတ်နဲ့ အုပ်ထားပေးပါ
  • အိုးအဖုံး လုံအောင်ဖုံးလိုက်ပါက အရောင်နဲ့အနံ့ပြောင်းသွားနိုင်ပါတယ် သောက်ကာနီးမှ ဟင်းရည်အိုးကို ပြန်နွှေးပြီးသောက်ပါ။

No comments:

Post a Comment