Sunday 5 March 2017

ချဉ်ရည်ဟင်း


အေးရှန်းဈေးဆိုင်ကိုသွားတာ မုံလာဥတစ်ဥကို ၈ဆယ်သားလောက် ရှိတဲ့မုံလာဥတွေ မြင်လေတော့ မ၀ယ်ဘဲ မနေနိုင်တာနဲ့ ၀ယ်လာခဲ့မိတယ် အိမ်ရောက်တော့ ဘယ်ကစပြီး ချက်ရမလဲပေါ့ စဉ်းစားခန်းက ၀င်ပါရော။

ဒါနဲ့ဘဲ အရင်ဆုံး မုံလာဥကို ရုံးပတေသီးနဲ့ခရမ်းကြွတ်သီးလေးတွေ ရောသမမွှေကာ ချဉ်ရည်ဟင်းလေး ချက်ဖြစ်သွားခဲ့တယ် ဒါကြောင့်မို့လို့ မာမာချက်တဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မုံလာဥ - လေးဆယ်သားခန့်
  2. ခရမ်းကြွတ်သီး - ၅လုံး
  3. ရုံးပတေသီး - ၁၅တောင့်ခန့်
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ  - အမွှားကြိးကြီး နှစ်မွှာ
  6. ချင်း - လက်တစ်ဆစ်၏ တစ်ဝက်
  7. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. မကျည်းအနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ပုဇွန်ထုတ် - ၁၅ကောင်ခန့်
  15. နံနံပင် - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  1. မုံလာဥကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  2. ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  3. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  4. ခရမ်းကြွတ်သီးကို အညှာဖြတ်ပြီး ရေဆေးကာ ထက်ခြမ်းခြမ်းထားပါ
  5. ရုံးပတေသီးကို အတောင့်လိုက် ရေဆေးပြီး တစ်ပိုင်းပိုင်းထားပေးပါ
  6. ဇောက်နက်သောအိုးထဲမှာ လှီးထားသော မုံလာဥများ ပုဇွန်ထုတ် ခရမ်းကြွတ်သီးများ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  7. အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  8. ရေဆူလာတာနဲ့ အထက်အောက် သမအောင် မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  9. မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  10. ရေပွက်ပွက်ဆူကာ ခရမ်းသီးနှင့် မုံလာဥများ နူးလာပါက မကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ 
  11. ပြီးတာနဲ့ ရုံးပတေးသီးကို ထည့်ကာ ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
  12. ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ နံနံပင်အုပ်ကာ အရသာထပ်မြည်းပြီး မီးပိတ်ပေးပါ
  13.  မုံလာဥ ချဉ်ငံစပ် အရသာ မွှေးလွန်းတဲ့ ချဉ်ရည်ဟင်းရပါပြီ။

No comments:

Post a Comment