Tuesday 4 April 2017

ဘဲသားမဆလာ ဆီပြန်ဟင်း


ဒီနေ့တော့ ဘဲတကောင် ၀ယ်ထားတာ ဘယ်လိုလေး ချက်စားရပါ့မလဲ စဉ်းစားရင်း အမေချက်တဲ့ ဘဲသားမဆလာ အရသာမွှေးမွှေးလေးကို သတိရမိသွားခဲ့တယ် ဒါကြောင့်မို့လို့ ဘဲသားဆီပြန်ဟင်းကို မဆလာမွှေးမွှေးလေးအုပ်ပြီး ဟင်းတပွဲအတွက် ပြင်ပါမယ်။

ပါဝင်ပစ္စည်းများ

  • ဘဲသား - အနေတော် ၁ခြမ်း
  • ကြက်သွန်နီ - အနေတော် ၃လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ချင်း - လက်တဆစ်ခန့်
  • ငရုတ်သီး အခြောက်တောင့် - ၅တောင့်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • မဆလာ - ထမင်းစားဇွန်း တဇွန်း
ပြင်ဆင်ပုံ
  • ဘဲသားကို ရေဆေးပြီး အနေတော် အတုံးလေးများ တုံးပေးပါ
  • တုံးထားသော ဘဲသားကို ဆား ဟင်းခတ်မှုန့် နနွင်းမှုန့် ငရုတ်သီး အရောင်တင်မှုန်တို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီး အခြောက်တောင့်ကို အညှာခြွေပြီး ပျော့သွားအောင် ရေစိမ်ထားပါ
  • ကြက်သွန်နီ  ကြက်သွန်ဖြူ ချင်း ငရုတ်သီး အခြောက်တောင့်တို့ကို ညက်နေအောင် ထောင်းထားပါ

ချက်ပြုပ်ပုံ

  • ဒယ်အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပါက အရသာနယ်ထားသော ကြက်သားများကို ထည့်ပြီးမွှေပေးပါ
  • ဘဲသား အပေါ်ယံကြောတွေ မာတင်းလာအောင် ဆီသတ်ပေးပြီးမှ အိုးအဖုံးကိုပိတ်ကာ တည်ပေးပါ
  • ဆီသံလေး ကြားလာတာနဲ့ အိုးမကပ်စေရန် အိုးကိုအသာလေး လှုပ်ပေးပြီး  ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ 
  • ထည့်ထားသော ရေခမ်းတာနဲ့ ဘဲသားနူးအောင် ရေအနည်းငယ်စီ ထပ်ထပ်ထည့်ပြီး တည်ပေးပါ
  • ဘဲသားနှုးအိလာပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီလည်ရေလည်ရအောင် တည်ပေးပါ
  • ဆီလည်ရေလည် အနေတော် ရသွားပြီဆိုမှ မဆလာအုပ်ပြီး နှံ့အောင်မွှေပေးကာ ဆီပြန်အောင် တည်ပေးပြီ အရသာရှိသော ဘဲသားမဆလာအုပ် ဆီပြန်ဟင်း မွှေးမွှေးလေးကို စားပွဲပြင်ပေးပါ။

No comments:

Post a Comment