Friday 7 July 2017

ဝက်ကလီစာ ကုန်းဘောင်ကြီးကြော်



ဒီနေ့တော့ ၀က်ကလီစာလေးတွေ ရလာတာနဲ့ အသည်း နှစ်လုံး ကျောက်ကပ်လေးတွေ ၀ယ်လာကာ ၀က်ကလီစာ ကုန်းဘောင်ကြီးကြော် ကြော်ဖြစ်ပါတယ်။

အသီးအရွက်တွေ ဦးစားပေးတဲ့ ဟင်းအမယ် ဖြစ်တာကြောင့် မိမိနှစ်သက်ရာ အဆင်ပြေမဲ့ အသီးအရွက်လေးတွေထည့်ပြီး ကြော်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဝက်ကလီစာ - 250 g ( နှစ်သက်ရာ အသားကို သုံးနိုင်ပါတယ်)
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
  4. ဘရော့ကိုလီ - ၃ခက်ခန့်
  5. ပန်းငရုတ်ပွ - တစ်ခြမ်း
  6. မုံလာဥနီ - အနည်းငယ်
  7. ခရမ်းချဉ်သီး - အနေတော်တစ်လုံး
  8. ပန်းဂေါ်ဖီ - ၄ခက်ခန့်
  9. ကြက်သွန်မြိတ် - ၂ပင်
  10. ချင်း - လက်မ၀က်ခန့်
  11. ရွှေပဲသီး - ၅တောင့်
  12. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  13. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  14. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း၂ဇွန်း
  15. ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဝက်
  16. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  17. နနွင်းမှုန့် - အနည်းငယ်
  18. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  19. ဆီ - ထမင်းစားဇွန်း ၆ဇွန်းခန့်


ပြင်ဆင်ပုံ

  • ဝက်ကလီစာများကို ရေစင်အောင်ဆေးပြီး ဆားအနည်းငယ်နှင့် နနွင်းမှုန့်တို့ထည့်ကာ နယ်ပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ရည်ခမ်းတာနဲ့ ခပ်ပါးပါး လှီပေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး လေးစိတ် လှီးထားပါ
  • ခရမ်းချဉ်သီးကိုလဲ ရေဆေးပြီး လေးစိတ်လှီးထားပါ
  • ရွှေပဲသီးကို အကြောသင်ပေးပြီး ရေဆေးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်၂လုံးလောက်အနေ ခပ်ကြမ်းကြမ်း ထူထူလေးတွေ လှီးထားပေးပါ
  • ပန်းဂေါ်ဖီ ဘရော့ကိုလီ မုံလာဥနီ ပန်းငရုတ်ပွတို့ကို ရေဆေးပြီး သင့်သလို လှီးပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ အမျှင်လေးများ ရအောင် လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးပေးပါ
  • ဟင်းချက်ရန် လိုအပ်မည့် ပစ္စည်းများ ပြင်ထားပေးပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထမင်းစားဇွန်း ၃ဇွန်းကို ထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူကို မွှေးသွားအောင် ကြော်လိုက်ပါ
  • ကြက်သွန်ဖြူ  မွှေးလာတာနဲ့ လှီးထားသော ပန်းဂေါ်ဖီ ဘရော့ကိုလီ ပန်းငရုတ်ပွ မုံလာဥနီ ကြက်သွန်နီစသည့် အသီးအရွက်များကို အနည်းငယ် နွမ်းအောင်ကြော်ပြီး ဆယ်ထားပါ
  • ခရမ်းချဉ်သီးကိုလဲ သတ်သတ်ထည့်ပြီး ကြော်ပေးကာ ဆယ်ထားပါ
  • ဒယ်အိုးထဲမှာ ဆီအနည်းငယ် ထပ်ထည့်ပြီး လှီးထားသော ချင်းကိုထည့်ကြော်ပေးပါ 
  • ချင်းနံ့အနည်းငယ် မွှေးလာတာနဲ့ ပြုပ်ပြီးလှီးထားသော ဝက်ကလီစာများကို ထည့်ကြော်ပေးပါ
  • ၀က်ကလီစာများက ကျက်ပြီးသား ဖြစ်တဲ့အတွက် ချက်ချင်းဆိုသလို ဆား သကြား ပဲငံပြာရည်အကြည် ခရုဆီ ပဲငံပြာရည်အနောက် သကြား စသည့် အရသာများကို ခပ်မြန်မြန်လေး ထည့်ပေးပါ
  • ပြီးတာနဲ့ ကြော်ပြီးဆယ်ထားသော အသီးအရွက်ကြော်များ ကြက်သွန်မိတ်နှင့် ရွှေပဲသီးတို့ကိုထည့် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • မိမိနှစ်သက်တဲ့ အရသာ ရပါက စားပွဲပြင်ရန် ပန်းကန်ထဲ ပြောင်းထည့်ပြီး တရုတ်မဆာလာ ဖြူးပေးကာပူပူလူလူလေး သုံးဆောင်နိုင်ပါပြီ။

4 comments:

  1. ဟင်းချက်ကောင်းတဲ့ အန်တီမာကို ခုမှမြင်ဖူးတော့တယ်..။ သမီးက မနက်မနက် ဘလော့ဖွင့်တိုင်း Blog roll မှာ အသစ်အမြဲတက်နေတဲ့ မာမာဆိုတာနဲ့ ၀င်ဖတ်နေကျ..။

    မိုးငွေ့

    ReplyDelete
    Replies
    1. ဘလော့လေးဆီ လာလည်တဲ့အတွက် ကျေးဇူးအများကြီးတယ် မိုးငွေ့ရေ

      Delete
  2. Thanks for your blog. Whenever I want to cook something I refer to your blog.

    Thanks again.

    ReplyDelete
    Replies
    1. ဘလော့လေးဆီ လာလည်တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်

      Delete