Friday, 5 January 2018

ကြက်အမြစ် ချဉ်ငံစပ်သုပ်








ကြက်အမြစ်လေးတွေ အမြဲတမ်းတော့ မစားဖြစ်ပေမဲ့ တခါတလေ စားချင်စိတ်လေး ဖြစ်တတ်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြက်အမြစ် ဆေးနည်းနဲ့ သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ကြက်အမြစ်ဆေးနည်း

  • ကြက်အမြစ်ကို အထဲမှ အစာအိတ် မပေါက်အောင် ဓါးထက်ထက်နှင့် ခွဲပေးပါ
  • ပြီးတာနဲ့ အစာအိတ်ကို ဖယ်ပလိုက်ပါ
  • အစာအိတ် ဖယ်ပြီးတာနဲ့ ဇလုံတလုံးထဲကို ဆား ထမင်းစားဇွန်း တဇွန်း နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တဝက်နှင့် အမြစ်များထည့်ကာ ခပ်နာနာ နယ်ပေးပါ
  • ပထမ တကြိမ် နယ်ပြီးတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးပါ
  • ရေဆေးပြီးသော အမြစ်များရဲ့ အတွင်းဖက်အပိုင်းကို ဓါးဖြင့်စိတ်ရှည်ရှည် လိုက်ခြစ်ပေးပါ
  • အယိအရွဲများ ထွက်လာအောင် ခြစ်ပေးပြီး ရေနှင့်တထပ် ဆေးချလိုက်ပါ
  • နောက်တကြိမ် ဆားနှင့် နနွင်းမှုန့် ထပ်ထည့်ပြီး ခပ်နာနာ နယ်ပေးပါ
  • ပြီးတာနဲ့ ရေ ၅ထပ်လောက်နှင့် စင်အောင် ဆေးပေးပါ
  • အားလုံး စင်အောင် ဆေးပြီးတော့မှ အမြစ်များကို လေးစိတ်စိတ်ကာ တစိတ်ကို သုံးချက်လောက် လိုက်မွှန်းပေးပါ
  • အနံ့ အသက် အယိအရွဲများ စင်ပါက မိမိနှစ်သက်သလို ချက်စား ပြုပ်စားရန် ပြင်ဆင်နိုင်ပါပြီ။

ပါဝင်ပစ္စည်းများ

  • ရေစင်အောင်ဆေးထားသော ကြက်အမြစ် - 250g
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ချင်း - လက်တဆစ်ခန့်
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်နီ - အနေတော် တလုံး
  • ဂေါ်ဖီ - တစိတ်
  • နံနံပင် - နှစ်သက်သလောက်
  • သံပုရာသီး - တစိတ်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆီချက်ချက်ရန် - ဆီ လက်ဖက်ရည်အကြမ်းပန်းပန် ၂လုံးစာ
  • ကြက်သွန်နီ - အလုံးကြီးကြီး တလုံး (ဆီချက်ချက်ရန်)
  • ဆီချက်ချက်ရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငရုတ်သီးအကျက်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
ကြက်အမြစ်ပြုပ်ရန်
  1. ကြက်အမြစ်များကို ခနောကြက်သားမှုန့်နှင့်နယ်၍ ချင်းကို ခပ်ပါးပါးလှီးပြီးထည့်ကာ အရသာဝင်အောင်နယ်၍ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  2. ရေခမ်းပါက အအေးခံထားပါ
ကြက်သွန်ဖြူဆီချက် ချက်ရန်
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါးလှီးထားပါ
  • ဒယ်အိုးတလုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်လျှော့ပလိုက်ပြီးမှ ကြက်သွန်နီကို ထည့်မွှေပါ
  • ကြက်သွန်နီများ အ၀ါရောင်သန်းလာပြီး ကြွတ်လာတာနဲ့ ပန်းကန်တခုထဲ ပြောင်းထည့်ထားပါ
  • ဆီကိုအအေးခံထားပြီးမှ ကြက်သွန်နီကြော်များကို ရောပေးပါ
ပြင်ဆင်ပုံ
  1. ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ
  2. ဂေါ်ဖီကို ပါးပါးလှီးပြီး ရေဆေးထားပါ
  3. နံနံပင်ကို အနေတော် လှီးထားပါ
  4. လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  5. ပြုပ်ထားသော ကြက်အမြစ်များကို အအေးခံထားပါ
  6. ဇလုံတလုံးထဲမှာ ကြက်အမြစ်များ ကြက်သွန် ဂေါ်ဖီ နံနံပင် ဆီချက် အချိုမှုန့် ငံပြာရည် ငရုတ်သီးအကျက်မှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး ကြက်အမြစ် ချဉ်ငံစပ်အသုပ်ကို ခပ်ဖွဖွနယ်ကာ အသုပ်ပွဲကို ပြင်ဆင်နိုင်ပါပြီ

No comments:

Post a Comment