မာမာ ဒီနေ့တော့ အိမ်မှာအဆင်သင့် ရှိနေတဲ့ သခွားသီးနဲ့ ပဲကြာဇံကို ကြက်သားလုံး လေးတွေနဲ့ ဟင်းချိုရည်လေးတမယ် ချက်ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အရည်သောက်ဆမ်း ဟင်းချိုတစ်မယ်အတွက် အလွယ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင် ဟင်းချိုရည်ထဲထည့်တဲ့ အသီးအရွက်တွေကတော့ မိမိနှစ်သက်တဲ့ အသီးအရွက်တွေ ထည့်နိူင်ပါတယ်။
ပါဝင်ပစ္စည်းများ
- သခွားသီး - အနေတော် နှစ်လုံး
- ပဲကြာဇံ - အနည်းငယ်
- ကြက်သားလုံး - ဆယ်လုံးခန့်
- ဆား - လိုသလောက်
- အရသာမှုန့် - လိုသလောက်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ကြက်ပြုပ်ရည် - 3 cups
ပြင်ဆင်ပုံ
- ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် ရေစိမ်ထားပါ
- သခွားသီးကို အခွံခွာက ပြီးတာနဲ့ အနေတော် ပိုင်းဖြတ်ထားပါ
- ကြက်ပြုပ်ရည်နှင့် ကြက်သားလုံးကို အဆင်သင့် ပြင်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ကြက်ပြုပ်ရည်နှင့် ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ ကြက်သားလုံး ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး တည်ပေးပါ
- ပြီးတာနဲ့ ပဲကြာဇံ ကြက်သွန်ဖြူနှင့် သခွားသီတို့ကို ထည့်ပေးပြီး ဆက်တည်ပေးပါ
- ဟင်းရေ ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ ဟင်းချိုရည် ပူပူလေးကို သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။